တွဲမစားသင့်တဲ့အစားအစာများကို တွဲစားမိတဲ့အခါ အစာအဆိပ်သင့်တတ်ပြီး အကယ်၍ ပြင်းထန်ပါက အသက်အန္တရာယ်တောင် ထိခိုက်နိုင်ပါတယ်။ အချို့အစားအစာတွေကတော့ လူကို မအီမသာဖြစ်စေပြီး ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်းတို့ကို ခံစားရနိုင်ပါတယ်။

အခုဖော်ပြပေးမယ့် အစားအစာတွေကို တွဲစားမိမယ်ဆိုရင်လည်း အစာခြေစနစ်ကို ကမမောက်ကမဖြစ်စေပြီး လူကို မအီမသာဖြစ်စေတာကြောင့် ရှောင်ကြဉ်လို့ရအောင် ဖော်ပြပေးလိုက်ရပါတယ်။

ခရမ်းချဉ်သီးနှင့် သခွားသီး

ဟင်းသီးဟင်းရွက်သုပ်စားတဲ့အခါ ခရမ်းချဉ်သီးနဲ့ သခွားသီးကတော့ မပါမဖြစ်ပါပဲ။ ဒါပေမဲ့ သခွားသီးနဲ့ ခရမ်းချဉ်သီးကို တွဲစားမိမယ်ဆိုရင်တော့ မအီမသာဖြစ်စေပါတယ်။ ခရမ်းချဉ်သီးထဲမှာက ဗီတာမင်စီပါဝင်ပြီး သခွားသီးရဲ့အင်ဇိုင်းဓာတ်က ဗီတာမင်စီ စုပ်ယူနိုင်မှုကို အနှောင့်အယှက်ဖြစ်စေပြီး အစာအိမ်ကို မအီမသာဖြစ်စေပါတယ်။

နွားနို့နှင့် လက်ဖက်ရည်

Source: istockphoto.com

လက်ဖက်ရည်ထဲသို့ နွားနို့ဖျော်ထည့်တာက လုပ်ရိုးလုပ်စဉ်နည်းလမ်းတစ်ခုလိုဖြစ်နေပါပြီ။ ဒါပေမဲ့ ဘီဘီစီရဲ့ ရှင်းပြချက်အရ လက်ဖက်ရည်က သွေးပေါင်ချိန်နဲ့ သွေးလှည့်ပတ်မှုစနစ်ကို ကောင်းမွန်စေပါတယ်။ နွားနို့ထဲမှာကတော့ ပရိုတင်းဓာတ်ပါဝင်ပါတယ်။ ထိုနှစ်ခုကို ရောနှောလိုက်မယ်ဆိုရင်တော့ နွားနို့ရဲ့ပရိုတင်းဓာတ်က လက်ဖက်ရည်မှ ပေးစွမ်းတဲ့ ကောင်းကျိုးတွေအားလုံးကို ပျောက်ကွယ်သွားစေပါတယ်။

ဖရဲသီး

ဖရဲသီးကိုတော့ ဘယ်အစားအစာနဲ့မှ တွဲမစားသင့်ပါဘူး။ ဖရဲသီးက အရည်ရွှမ်းတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးနိုင်တဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။ သူက အစာချေမြန်တဲ့အစားအစာတစ်ခုဖြစ်ပြီး အခြားအစားအစာများနဲ့ ရောစားမယ်ဆိုရင်တော့ အစာချေစနစ်က ညီမျှမှုမရှိတော့ဘဲ ကမောက်ကမဖြစ်တတ်ပါတယ်။

ကြက်ဥနှင့် အသားများ

Source: multibriefs.com

ကြက်ဥထဲမှာရော အသားထဲမှာပါ ပရိုတင်းဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုနှစ်မျိုးစလုံးကို တစ်ပြိုင်တည်းစားမယ်ဆိုရင် သင့်ရဲ့တစ်နေ့တာအတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်များက လိုအပ်သည်ထက် ပိုသွားပါလိမ့်မယ်။ ကြက်ဥကြော်နှင့် အသားများကို ရောကြော်မယ့်အစား ဟင်းသီးဟင်းရွက်နဲ့ ကြက်ဥကိုသာ ရောကြော်ပေးလိုက်ပါ။

ဒိန်ချဉ်နှင့် သစ်သီးများ

Source: modernhoney.com

ဒိန်ချဉ်ထဲသို့ သစ်သီးတွေထည့်ပြီး စားသုံးမယ်ဆိုရင် သစ်သီးထဲမှာပါဝင်တဲ့ အက်စစ်ဓာတ်က နို့ထွက်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဒိန်ချဉ်ကို အစာချေဖျက်ရခက်အောင် နှောင့်ယှက်ပါလိမ့်မယ်။ ဒါ့ကြောင့် သပ်သပ်စီပဲ စားသုံးသင့်ပါတယ်။

နွားနို့နှင့် ငှက်ပျောသီး

Source: indiatimes.com

ငှက်ပျောသီး Smoothie ကတော့ အရသာလည်းရှိတဲ့အပြင် အာဟာရဓာတ်လည်း ပြည့်ဝတဲ့ သစ်သီးဖျော်ရည်တစ်မျိုးပဲဖြစ်ပါတယ်။ ဒါပေမဲ့ ငှက်ပျောသီးကို အစာချေဖျက်ရတဲ့စနစ်နဲ့ နွားနို့ကို အစာချေဖျက်ရပုံက ပုံစံမတူညီတဲ့အတွက်ကြောင့် တွဲမစားသင့်တဲ့ အစားအစာထဲမှာပါဝင်ပါတယ်။