အမျိုးသမီးများက သဘာဝတရားအရ အပျိုဖော်ဝင်ပြီဆိုတာနဲ့ တစ်လတစ်ခါ ဓမ္မတာလာတတ်ကြပါတယ်။ တစ်ချို့ကလည်း ပုံမှန်တစ်လတစ်ခါ လာတတ်သလို၊ တစ်ချို့မိန်းကလေးတွေကျတော့လည်း ပုံသေမဟုတ်ဘဲ ရာသီစက်ဝန်းက မမှန်တတ်ကြပါဘူး။

ရာသီလာတဲ့ရက်တွေက တစ်ယောက်တစ်မျိုးနဲ့ ရက်မတူတတ်ကြပေမယ့် နာကျင်ကိုက်ခဲမှုဝေဒနာခံစားရတာချင်းတော့ တူညီကြပါတယ်။ ဒီလိုခံစားချက်တွေကိုတော့ မိန်းကလေးအချင်းချင်းပဲ နားလည်တတ်ကြပါတယ်။ အဲ့ဒီရက်မျိုးတွေမှာ နာကျင်ကိုက်ခဲမှုကို ပိုမိုဆိုးရွားစေတဲ့ အစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဘယ်လိုအစားအစာမျိုးဖြစ်မလဲဆိုတာကို အတူတူဆက်လေ့လာကြည့်လိုက်ကြရအောင်။

အငန်ဓာတ်များတဲ့ အစားအစာများ

တစ်ချို့အမျိုးသမီးတွေက ဓမ္မတာလာတဲ့အခါ ခန္ဓာကိုယ်က ဖောရောင်နေတတ်ကြပြီး နေထိုင်မကောင်းခံစားရပါတယ်။ အငန်ဓာတ်များပြီး ဆိုဒီယမ်ဓာတ်များတဲ့အစားအစာတွေက အမျိုးသမီးတွေ နေထိုင်မကောင်းအောင် ပိုမိုတွန်းအားပေးနေတဲ့အတွက်ကြောင့် အငန်လျော့စားပေးပါ။

ကော်ဖီ

အငန်ဓာတ်ပါဝင်တဲ့ ဆားလိုပဲ ကော်ဖီဟာလည်း ကြွက်သားများနာကျင်ကိုက်ခဲအောင် ဆိုးကျိုးဖြစ်စေပါတယ်။ ကော်ဖီထဲမှာပါတဲ့ ကာဖိန်းဓာတ်က သွေးကြောများကို ကျုံ့စေပြီး သားအိမ်နဲ့ဆက်သွယ်ထားတဲ့သွေးကြောများကို တင်းကြပ်စေတာကြောင့် နာကျင်ကိုက်ခဲမှုကို ပိုမိုဆိုးရွားစေပါတယ်။ ဒါ့ကြောင့် ထိုရက်မျိုးမှာ လန်းဆန်းတက်ကြွမှုကို လိုချင်တယ်ဆိုရင်တော့ ကော်ဖီအစား ကာဖိန်းဓာတ်ပါဝင်မှုနည်းတဲ့ လက်ဖက်ရည် ပြောင်းသောက်လိုက်ပါ။

အချိုဓာတ်လွန်ကဲတဲ့ ကိတ်မုန့်များ

ရာသီလာတဲ့ရက်မျိုးမှာ သင့်ခန္ဓာကိုယ်က အချိုဓာတ်တောင့်တတယ်ဆိုရင်တော့ ကိတ်မုန့်တွေစားမယ့်အစား သဘာဝအချိုစာကိုပဲ စားပေးပါ။

အဆီဓာတ်များတဲ့အသား

ပြည့်ဝဆီပါဝင်တဲ့ အသားများကို ရာသီလာတဲ့ရက်မှာ စားသုံးမယ်ဆိုရင် သားအိမ်က ကျုံ့သွားပြီး နာကျင်ကိုက်ခဲမှု ပိုမိုဆိုးရွားနိုင်ပါတယ်။

အသင့်စား အစားအစာများ

အသင့်စားအစားအစာများထဲမှာ ပါဝင်တဲ့ အဆီဓာတ်က သင့်ခန္ဓာကိုယ်ကို ရောင်ရမ်းမှုဖြစ်စေတာကြောင့် ထိုရက်မျိုးမှာ စားသုံးဖို့ မသင့်တော်တဲ့ အစားအစာတွေထဲက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။

နို့ထွက်ပစ္စည်းများ

နို့နှင့်နို့ထွက်ပစ္စည်းများက ကြွက်သားများ နာကျင်မှုကို ပိုမိုဆိုးရွားလာအောင် ဆွပေးတဲ့အစားအစာတွေပဲဖြစ်ပါတယ်။ နွားနို့၊ ဒိန်ခဲ၊ ရေခဲမုန့်ထဲမှာ Arachidonic အက်စစ်ပါဝင်ပါတယ်။ ထိုအက်စစ်က Omega-6 Fatty အက်စစ်ဖြစ်ပြီး နာကျင်ကိုက်ခဲခြင်းနဲ့ ရောင်ရမ်းခြင်းကို တိုးမြင့်စေပါတယ်။

ပျိုမေလေးများအနေနဲ့ ဓမ္မတာလာတဲ့ရက်မျိုးမှာ နာကျင်ကိုက်ခဲမှုဝေဒနာကို လျှော့ချချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးသွားတဲ့အစားအစာများကို မဖြစ်မနေရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။

Source: www.bustle.com