ကလေးငယ်လေးတွေက ငယ်ရွယ်စဉ်မှာကတည်းက သကြားဓာတ်အများအပြားပါဝင်တဲ့ အစားအစာတွေကို စတင်စားသုံးကြပါတယ်။ ဒီလိုစားသုံးလိုက်ခြင်းကြောင့် သူတို့ရဲ့အရသာခံစွမ်းရည်ကို လျော့ကျသွားစေတာကြောင့် အခြားအစားအစာတွေကို အရသာတွေ့တော့မှာ မဟုတ်တော့ပါဘူး။

မိဘတစ်ယောက်အနေနဲ့ (သို့) ကလေးရဲ့အုပ်ထိန်းသူတစ်ယောက်အနေနဲ့ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးကို ဂရုစိုက်တယ်ဆိုရင် အခုဖော်ပြပေးမယ့် အစားအစာတွေကို ကလေးငယ်များအား လုံးဝမကျွေးသင့်ပါဘူး။

အချိုရည်များ

ကလေးငယ်တွေရဲ့ အကြိုက်ဆုံးအစားအစာတွေထဲမှာ အချိုရည်တွေက ထိပ်ဆုံးကပါပဲ။ အချိုရည်တစ်ခွက်မှာ သကြားဓာတ် လက်ဖက်ရည်ဇွန်း ၅ ဇွန်းကနေ ၆ ဇွန်းအထိ ပါဝင်ပါတယ်။ ဒါ့ကြောင့် အချိုရည်သောက်သုံးပြီးတာနဲ့ သကြားဓာတ်များက သွေးထဲမှာ ပျော်ဝင်သွားပါလိမ့်မယ်။

ဒါ့ကြောင့် ကလေးငယ်များကို အချိုရည်တိုက်မယ့်အစား သစ်သီးများကိုသာ အစားထိုး စားသုံးခိုင်းလိုက်ပါ။

ဒိန်ချဉ်

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ဒိန်ချဉ်ကို စားသုံးစေချင်တယ်ဆိုရင်တော့ သူ့ရဲ့ပါဝင်ပစ္စည်းတွေကို အရင်ဆုံးစစ်ဆေးဖို့ လိုပါလိမ့်မယ်။ ဒုတိယအချက်အနေနဲ့ကတော့ ဆေးသကြားများ ပါဝင်တဲ့ဒိန်ချဉ်တွေထက် သဘာဝဒိန်ချဉ်များကိုသာ စားသုံးခိုင်းလိုက်ပါ။

သစ်သီးအရသာဒိန်ချဉ်တွေထဲမှာ သကြားဓာတ်၊ အဆီဓာတ်၊ ကယ်လိုရီဓာတ်များ ပါဝင်တာကြောင့် ကလေးငယ်များ ငယ်ငယ်ရွယ်ရွယ်နဲ့ အဝလွန်ခြင်းရောဂါနှင့် ဆီးချိုရောဂါတို့ကို ခံစားရနိုင်ပါတယ်။

ပျားရည်

အသက် ၂ နှစ်အောက် ကလေးငယ်များကို ပျားရည် လုံးဝ မတိုက်ကျွေးသင့်ပါဘူး။ ပျားရည်ထဲမှာ ပါဝင်တဲ့ ဘက်တီးရီးယားများက ကလေးငယ်များကို မအီမသာဖြစ်စေတာကြောင့်ပဲဖြစ်ပါတယ်။

စပျစ်သီးများ

စပျစ်သီးထဲမှာ ကလေးငယ်များအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များ ပါဝင်ပါတယ်။ ဒါပေမဲ့ စပျစ်သီးကို ကလေးငယ်များအား မစားခိုင်းသင့်တဲ့ အကြောင်းပြချက်တစ်ချို့ရှိပါတယ်။

ထိုအကြောင်းပြချက်တွေကတော့ စပျစ်သီးက အလုံးကြီးတာကြောင့် ကလေးငယ်များက တစ်ကိုက်ချင်းစီကိုက်မစားဘဲ အလုံးလိုက်စားမိမယ်ဆိုရင်တော့ အစာနင်သွားနိုင်ပါတယ်။

ဒါ့အပြင် စပျစ်သီးရဲ့အစေ့တွေက ကလေးငယ်များရဲ့အူလမ်းကြောင်းကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ၂ နှစ်အောင် ငယ်တဲ့ကလေးငယ်များကို စပျစ်သီးအစား ငှက်ပျောသီး စားသုံးခိုင်းနိုင်ပါတယ်။

သကြားလုံးပုံစံ ဗီတာမင်များ

အချို့မိဘများက ကလေးငယ်များကို အာဟာရဖြစ်စေချင်ဇောနဲ့ ဗီတာမင်ဆေးဝါးများ မှီဝဲစားသုံးခိုင်းစေပါတယ်။ ကလေးငယ်များရဲ့အာရုံကိုဆွဲဆောင်နိုင်ဖို့အတွက် ပြုလုပ်ထားတဲ့ တိရိစ္ဆာန်ပုံသဏ္ဍာန် ဗီတာမင်ဆေးများက ကလေးတွေအတွက် အန္တရာယ်ဖြစ်စေတာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှသာ တိုက်ကျွေးလိုက်ပါ။

ကလေးငယ်များအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များ၊ အာဟာရဓာတ်များကိုတော့ သဘာဝအစားအစာများထံမှ ရယူခြင်းက အကောင်းဆုံးပဲဖြစ်ပါတယ်။

မစ်ရှိတ်ဖျော်ရည်များ

သင့်ကလေးငယ်လေးက ဆိုဒါအချိုရည်နဲ့ မစ်ရှိတ်ဖျော်ရည် ဝယ်တိုက်ခိုင်းမယ်ဆိုရင် သင့်အနေနဲ့ ဘယ်အချိုရည်ကို သောက်သုံးစေမှာလဲ။

၁၀၀ ရာခိုင်နှုန်းသော မိဘတွေကတော့ မစ်ရှိတ်ဖျော်ရည်ကိုပဲ သောက်သုံးစေမှာပါ။ ဒါပေမဲ့ သူတို့မသိသေးတဲ့အချက်တစ်ခုကတော့ မစ်ရှိတ်ဖျော်ရည်တွေက ဆိုဒါအချိုရည်လိုပဲ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ကလေးငယ်များ ကြီးထွားဖွံ့ဖြိုးဖို့ အားယူနေတဲ့အချိန်မှာ အဆီဓာတ်နဲ့ ကယ်လိုရီဓာတ်များပြားတဲ့အချိုရည်များ၊ အစားအစာများကို လုံးဝ မစားသုံးခိုင်းသင့်ပါဘူး။

Source: Brightside.me