ကုတ်ရာ၊ ခြစ်ရာတွေ ပွန်းပဲ့ဒဏ်ရာလေး သေးသေးမွှားမွှားလေးကြောင့် ဘယ်သူကမှ ဆေးရုံဆေးခန်းကို မသွားချင်ကြပါဘူး။ ဒါပေမဲ့ ထိုအနာကနေတဆင့် ပိုးဝင်တတ်တာကြောင့် အနာက သေးသေးလေးပါပဲဆိုပြီးလည်း ပစ်မထားသင့်ပါဘူး။
ထိခိုက်ဒဏ်ရာ သေးသေးမွှားမွှားလေးတွေအတွက် အိမ်တွင်းကုသနည်းလေးတွေရှိပါတယ်။ အနာသိရင် ဆေးရှိတယ် ဆိုတဲ့အတိုင်း မိမိ မီးဖိုချောင်ရှိပစ္စည်းများကို နည်းလမ်းတကျ အသုံးပြုပေးလိုက်ရုံပါပဲ။
ဓားရှရင် ရှားစောင်းလက်ပတ်ကိုသာ သတိရလိုက်ပါ
ရှားစောင်းလက်ပတ်က နေလောင်ဒဏ်ကိုလည်း ကာကွယ်ပေးတဲ့အပြင် ဓားရှရာအတွက်လည်း အသုံးတည့်ပါတယ်။ ရှားစောင်းလက်ပတ်ပင်ကို အနည်းငယ် ဖြတ်လိုက်ပြီးနောက် အနာတည့်တည့်အပေါ် အရည်ညှစ်ချပေးရုံပါပဲ။
ပျားရည်ကိုလည်း အသုံးပြုနိုင်ပါတယ်။
ပျားရည်က ဘက်တီးရီးယားများကို သေစေနိုင်တဲ့အစွမ်းသတ္တိရှိတဲ့အပြင် အနာကျက်လည်း မြန်စေပါတယ်။ ဒါ့အပြင် အသားအရေ ယားယံမှု မဖြစ်ပေါ်အောင်လည်း ထိန်းချုပ်ပေးပါတယ်။ ဓားရှရာနဲ့ ပွန်းပဲ့ဒဏ်ရာအပေါ်သို့ ပျားရည် အနည်းငယ်လောင်းထည့်ပေးပြီးနောက် ပတ်တီးစည်းထားလိုက်ပါ။
အပူလောင်သွားတဲ့အခါ ရေခဲတုံးအသုံးပြုပါ
ပူလွန်းတဲ့အစားအစာ စားလိုက်မိလို့ လျှာကျက်သွားတာမျိုး၊ ဒါမှမဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုအပေါ်သို့ အပူလောင်သွားတဲ့အခါမျိုးမှာ ရေခဲတုံးဖြင့် မိနစ်အနည်းငယ်ကြာအောင် ပွတ်တိုက်ပေးလိုက်ပါ။ သင့်လက်က ရေခဲတုံးရဲ့အေးတဲ့ဒဏ်ကို မခံနိုင်ဘူးဆိုရင် သဘက်တစ်ခုဖြင့် ရေခဲတုံးများကို အုပ်ပြီးမှ ဒဏ်ရာပေါ် ပွတ်တိုက်ပေးလိုက်ပါ။
ဖူးရောင်ခြင်းအတွက် ရေခဲတုံးကိုပဲ အသုံးပြုနိုင်ပါတယ်
အဆစ်လွဲသွားခြင်း၊ ကြွက်သားများ နာကျင်ဖူးရောင်နေခြင်းတို့အတွက် ရေခဲကပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ရေခဲကို သင့်အသားအရေနဲ့ တိုက်ရိုက်မထိတွေ့သင့်ပါဘူး။ သင့်ရဲ့ဖူးရောင်နေတဲ့ဒဏ်ရာပေါ်မှာ အဝတ်စသန့်သန့်တစ်ခုခံထားပြီးမှ ရေခဲကပ်ပေးသင့်ပါတယ်။ ဒါ့အပြင် ရေခဲကပ်တဲ့အခါမှာလည်း မိနစ် ၃၀ ထက် ပိုမကပ်ပါနဲ့။
အင်းဆက် ကိုက်ခံရတဲ့အခါ မုန့်ဖုတ်ဆိုဒါ အသုံးပြုပါ
ခြင်ကိုက်ခံရတာပဲဖြစ်ဖြစ်၊ ပျားတုပ်ခံရလို့ပဲဖြစ်ဖြစ် အသားအရေက နီမြန်းရောင်ရမ်းလာတဲ့အခါ မုန့်ဖုတ်ဆိုဒါကို ရေအနည်းငယ်နဲ့ရောလိုက်ပါ။ ရရှိလာတဲ့အနှစ်ကို နီမြန်းနေတဲ့အသားအရေပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်ကြာတဲ့အခါ ယားယံနာကျင်နေတဲ့ဝေဒနာများ ပျောက်ကင်းသွားပါလိမ့်မယ်။
သွေးတိတ်ဖို့ရန်အတွက် ကြက်သွန်ဖြူကို အသုံးပြုပါ
ကြက်သွန်ဖြူက သွေးတိတ်ဖို့ကူညီပေးတဲ့အပြင် နာကျင်မှုကိုသက်သာစေပြီး အနာကျက် မြန်စေပါတယ်။ ကြက်သွန်ဖြူနဲ့ ဘယ်လိုကုသရမလဲဆိုရင် ကြက်သွန်ဖြူကို ညှက်နေအောင် ထောင်းပါ။ ထို့နောက် ဒဏ်ရာပေါ် အုပ်ထားပေးလိုက်ပါ။ ပြီးရင် ဂွမ်း (သို့) ပတ်တီးဖြင့် နှစ်ရက်တိတိအုပ်ထားပေးလိုက်ပါ။ ၂ ရက်ပြည့်ရင်တော့ ဝေဒနာများ ပျောက်ကင်းသက်သာသွားပါလိမ့်မယ်။
Source: Brightside.me