ဟင်းချက်ခြင်းက အနုပညာတစ်ခုဖြစ်ပြီး ချက်ပြုတ်နည်း တစ်ဆင့်ကလေး မှားယွင်းသွားတာနဲ့ သင့်ဟင်းလျာက ပျက်စီးသွားနိုင်ပါတယ်။

သင်က လူအများအတွက် ချက်ပြုတ်ရတဲ့ ကျွမ်းကျင်စားဖိုမှူးပဲဖြစ်ဖြစ်၊ မိမိအိမ်သားတွေအတွက်ပဲ ချက်ပြုတ်ရသူတစ်ယောက်ပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ လူတိုင်းက အမှားလုပ်တတ်ကြပါတယ်။ အဓိကအရေးကြီးတာကတော့ တူညီတဲ့အမှားကို နောက်တစ်ကြိမ် ပြန်မလုပ်မိဖို့ပါပဲ။

ဒါဆိုရင် ဘယ်လိုဟင်းချက်နည်းအမှားလေးတွေကို လူအများ လုပ်လေ့လုပ်ထရှိကြလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

ပြည်ကြီးငါး

ကျွမ်းကျင်စာဖိုမှူးများကတော့ ပြည်ကြီးငါး ပြုတ်တဲ့အခါ တစ်မိနစ်တည်း ပြုတ်ရုံနဲ့ လုံလောက်တယ်လို့ ဆိုကြပါတယ်။ တကယ်လို့ သင့်အနေနဲ့ တစ်မိနစ်ထက် ပိုပြုတ်ချင်တယ်ဆိုရင်တော့ မိနစ် ၃၀၊ မိနစ် ၄၀ ခန့် ပြုတ်ပေးရပါမယ်။ ထိုကဲ့သို့ ပြုတ်နေစဉ်မှာ ထိုပြည်ကြီးငါးက ဟင်းရည်ကို စုပ်ယူသွားမှာဖြစ်ပြီး သူ့ရဲ့အရွယ်အစားလည်း ကြီးလာကာ ပိုမိုနူးညံ့သွားပါလိမ့်မယ်။

အမဲသားစတိပ်ခ်

အမဲသားစတိပ်ခ်ကို ချက်ပြီးပြီးချင်းမှာ လှီးဖြတ်ဖို့ မသင့်ပါဘူး။ အကယ်၍ လှီးဖြတ်မိပါက အသားထဲမှာ စိမ့်ဝင်နေတဲ့ အရည်များကို ဆုံးရှုံးသွားပြီး ထိုအသားက ခြောက်သွားတတ်ပါတယ်။ ဒါ့ကြောင့် အသား ကျက်သွားပြီဆိုတာနဲ့ ၅ မိနစ်မှ ၁၀ မိနစ်ခန့်စောင့်ပြီးမှ လှီးဖြတ်သင့်ပါတယ်။

ကီဝီသီး

ကီဝီသီးက ဘယ်ရီသီးအမျိုးအနွယ်ဝင်ဖြစ်ပြီး သူ့ရဲ့အခွံထဲမှာလည်း ဗီတာမင်နဲ့ အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ဘယ်လောက်ထိတောင် အာဟာရဓာတ် ကြွယ်ဝလဲဆိုရင် ကီဝီသီးရဲ့အထဲကအသားထက် အပြင်အခွံက Antioxidants များ ၂ ဆ ပိုပါဝင်ပြီး အမျှင်ဓာတ်ကတော့ ၃ ဆ ပိုများပါတယ်။ ဒါ့ကြောင့် ကီဝီသီးက အခွံပါ စားသုံးသင့်တဲ့ အသီးတစ်မျိုးပဲဖြစ်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်း ၁၀၀ ဂရမ်က သင့်တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင်စီဓာတ်ကို အပြည့်အဝဖြည့်တင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ သူ့ကို ရေနွေးပူထဲမှာ ပြုတ်လိုက်မယ်ဆိုရင်တော့ သူ့ရဲ့အာဟာရတန်ဖိုးများ ဆုံးရှုံးသွားရတတ်ပါတယ်။ အာဟာရဓာတ် ပြည့်ဝစွာရရှိဖို့အတွက် ပန်းဂေါ်ဖီစိမ်းကို ပြုတ်မယ့်အစား ပေါင်းသင့်ပါတယ်။

ကြက်သား

ကယ်လိုရီ တွက်ချက်စားသုံးပြီး ဝိတ်ချချင်သူများအနေနဲ့ ကျန်းမာရေးနဲ့ ညီညွှတ်အောင်ဆိုပြီး ကြက်အရေခွံကို ရှောင်တတ်ကြပါတယ်။ ဒါဆိုရင် ကြက်သား ချက်တဲ့အခါ မချက်ခင်ကတည်းက အရေခွံ နွှာထားရမှာလား။

မဟုတ်ပါဘူး။ ချက်ပြုတ်ပြီးနောက် စားသုံးခါနီးကျမှ အရေခွံနွှာစားပေးရပါမယ်။ ဘာ့ကြောင့်လဲဆိုတော့ ကြက်သား ချက်ပြုတ်နေစဉ်မှာ ကြက်အရေခွံထဲက အဆီဓာတ်က အသားက စုပ်ယူသွားပြီး ထိုကြက်သားက အရည်ရွှမ်းရွှမ်းလေးနဲ့ အနံ့ပိုမွှေးပြီး စားလို့ပိုကောင်းစေလို့ပဲဖြစ်ပါတယ်။

အာလူး

အာလူးများမှာ ပိုတက်စီယမ်ဓာတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်၊ ဗီတာမင်စီဓာတ်နဲ့ ဗီတာမင် B6 တို့ပါဝင်ပါတယ်။ အာလူးထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်များအားလုံးကို ရရှိချင်တယ်ဆိုရင်တော့ အာလူးချက်တဲ့အခါ သူ့ရဲ့အခွံပါ ထည့်ချက်သင့်ပါတယ်။

စာဖတ်သူတို့ရော ဟင်းစစချက်တဲ့အချိန်က ဘယ်လိုအမှားလေးတွေကို လုပ်ခဲ့ဖူးလဲဆိုတာကို ဖောက်သည်ချခဲ့ပါဦး။

Source: Brightside.me