ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုစနစ်ဆိုတာ မိမိစားသုံးလိုက်တဲ့ ကယ်လိုရီပမာဏနဲ့ ပြန်လည်အသုံးပြုမယ့် စွမ်းအင်ပမာဏက မျှတနေရပါမယ်။ တကယ်လို့ သင့် ခန္ဓာကိုယ်က လိုအပ်သည်ထက် ပိုပြီး စားသုံးမိမယ်ဆိုရင် ဝိတ်တက်လာမှာဖြစ်ပြီး ကိုယ် အသုံးပြုရမယ့် စွမ်းအင်ထက် လျော့နည်းစွာ စားသုံးမယ်ဆိုရင်တော့ အရိုးပေါ် အရေတင်ပြီး ပိန်ကပ်သွားမှာပဲဖြစ်ပါတယ်။

ဒီလိုမျိုး ပိန်လွန်းတာမျိုး ဝလွန်းတာမျိုးမဖြစ်စေဖို့အတွက် အစားအစာကို ကျန်းမာရေးနဲ့ ညီညွှတ်အောင် ဘယ်လိုစားသုံးသင့်သလဲဆိုတာ ဝေမျှပေးလိုက်ပါတယ်။

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ များများစားသုံးပါ

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတို့ကို တစ်နေ့ ၅ ကြိမ်ခန့် စားသုံးသင့်ပါတယ်။ သစ်သီးဖျော်ရည်တစ်ခွက်ကို တစ်ကြိမ်လို့ သတ်မှတ်ပေးလိုက်ပါ။ သို့ပေမယ့် သစ်သီးဖျော်ရည်ဖျော်သောက်တဲ့အခါ သကြားလုံးဝမထည့်ဘဲ သဘာဝအရသာအတိုင်း သောက်သုံးခြင်းက သင့် သွားကျန်းမာရေးအတွက် ပိုစိတ်ချရပါတယ်။

ငါးများများ စားပါ

Seafish

ပရိုတင်းဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတစ်မျိုးကတော့ ငါးပဲဖြစ်ပါတယ်။ ငါးကို တစ်ပတ် ၂ ကြိမ်ခန့် စားသုံးပေးပါတယ်။ ရိုးရိုးငါးအပြင် သဘာဝအဆီဓာတ်ကြွယ်ဝတဲ့ ဆော်လမွန်ငါး၊ မက်ကရယ်ငါး၊ ငါးသေတ္တာငါး စတဲ့ ငါးတွေကိုလည်း စားသုံးပေးပါ။ အိုမီဂါသရီးဓာတ် မြင့်မားစွာပါဝင်တဲ့ ငါးစားသုံးခြင်းက နှလုံးရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

အဆီအဆိမ့်များ၊ သကြားဓာတ်လွန်ကဲသော အစားအစာများ ရှောင်ကြဉ်ပါ

ကိတ်မုန့်၊ ဝက်အူချောင်း၊ ထောပတ်၊ ခရင်မ်၊ ဘီစကစ် စတဲ့ အဆီဓာတ်များတဲ့ အစားအစာတွေကို စားသုံးမယ့်အစား ဟင်းသီးဟင်းရွက်ဆီ၊ ငါးကြီးဆီနဲ့ ထောပတ်သီး စတဲ့ သဘာဝအဆီဓာတ်များနဲ့ အစားထိုးလိုက်ပါ။

ချိုလွန်းသော အစားအစာများ

ချိုလွန်းတဲ့ အစားအစာ စားသုံးခြင်းက သွားပိုးစားခြင်းနဲ့ သွားများကြံ့ခိုင်မှု အားနည်းစေတဲ့အပြင် အဝလွန်ခြင်းရောဂါကိုလည်း ဖြစ်ပေါ် စေပါတယ်။ ဆေးသကြားနဲ့ ဓာတုပစ္စည်းပါဝင်တဲ့ အချိုရည်တွေသောက်သုံးမယ့်အစား ပျားရည်နဲ့ သဘာဝသစ်သီးဖျော်ရည်တို့ သောက်သုံးနိုင်ပါတယ်။

ရေငတ်တဲ့အထိ မစောင့်ပါနဲ့

လူတစ်ယောက်က ပျမ်းမျှအားဖြင့် တစ်နေ့ကို ရေ ၆ ခွက်ကနေ ၈ ခွက်အထိ သောက်သုံးသင့်ပါတယ်။ အလုပ်အရမ်းများတဲ့နေ့မှာ ရေသောက်ဖို့ မေ့သွားတတ်ပါတယ်။ ဒီလိုမမေ့ဖို့အတွက် ကိုယ့်အလုပ်စားပွဲမှာ ရေဘူးနဲ့ ရေခွက်လေး ထားထားလိုက်ပါ။ ရာသီဥတုပူအိုက်တဲ့နေ့မျိုးနဲ့ အားကစားပြုလုပ်ချိန်မှာ ပုံမှန်ထက် ရေများများသောက်သင့်ပါတယ်။

မနက်စာ မစားဘဲ မနေပါနဲ့

တချို့လူတွေက ဝိတ်ချဖို့ရည်ရွယ်ချက်နဲ့ မနက်စာရှောင်ကြပါတယ်။ ဒါပေမဲ့ ကျန်းမာပြီး အာဟာရပြည့်ဝတဲ့ မနက်စာက သင့်ကို တစ်နေ့တာလုံး ကျန်းမာလန်းဆန်းနေဖို့နဲ့ ကိုယ်အလေးချိန်ကျဖို့ ကူညီပေးနိုင်ပါတယ်။ ဒါတင်မကပါဘူး။ မနက်စာ ပုံမှန်စားသုံးခြင်းက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို တိုးတက်မြင့်မားလာအောင် ကူညီပေးနိုင်ပါတယ်။

Source: Nhs.uk