နှစ်သစ်မှာ လူသစ်စိတ်သစ်နဲ့ ကျန်းမာရွှင်လန်းတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာများကိုသာ ရွေးချယ်စားသုံးရပါမယ်။ အာဟာရများ ညီညွှတ်မျှတစွာပါဝင်တဲ့ အစားအစာများကို ရွေးချယ်စားသုံးခြင်းက ကျန်းမာရေးကို ကောင်းမွန်စေရုံ သာမကဘဲ စိတ်ခံစားချက်များကိုလည်း ကောင်းမွန်စေလို့ပဲဖြစ်ပါတယ်။

အာဟာရများ ညီညွှတ်မျှတစွာပါဝင်တဲ့ အစားအစာတွေထဲမှာ ပင်လယ်စာက တစ်ခုအပါအဝင်ပါပဲ။ စာဖတ်သူအနေနဲ့ ပင်လယ်စာ ကြိုက်နှစ်သက်သူတစ်ယောက်ဆိုရင်တော့ မိမိစားသုံးလိုက်တဲ့ ပင်လယ်စာများက ဘယ်လိုအကျိုးကျေးဇူးတွေကို ဆောင်ကျဉ်းပေးနိုင်သလဲဆိုတာကို သိထားဖို့တော့ လိုမယ်နော်။

အာဟာရဓာတ်များနှင့် ပြည့်နှက်နေခြင်း

ဗီတာမင် ဘီ၊ B-Complex ၊ ဗီတာမင်အေ စတဲ့ အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး အရိုးအဆစ်များ သန်မာစေကာ ခုခံစွမ်းအားကို တိုးမြှင့်ပေးတဲ့ ဗီတာမင် ဒီဓာတ်များနဲ့ ပြည့်နှက်နေတဲ့အစားအစာတစ်ခုကတော့ ပင်လယ်စာပဲဖြစ်ပါတယ်။

အဆစ်အမြစ်များ နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာစေခြင်း

လေ့လာတွေ့ရှိချက်များအရ မိမိနေ့စဉ် စားသုံးတဲ့အစားအစာများထဲမှာ ပင်လယ်စာ ထည့်သွင်းစားသုံးခြင်းက အရိုးအဆစ်များ နာကျင်ကိုက်ခဲမှုကို သက်သာစေတယ်လို့ တွေ့ရှိရပါတယ်။

အမြင်အာရုံချို့ယွင်းခြင်းမှ ကာကွယ်ပေးခြင်း

အိုမီဂါသရီး ဖက်တိအက်ဆစ်ကြွယ်ဝတဲ့ ပင်လယ်စာများကို စားသုံးခြင်းက အမြင်အာရုံ အားနည်းခြင်းမှ ကာကွယ်ပေးပါတယ်။

နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်ခြင်း

လူသားများအတွက် အရေးအကြီးဆုံးအင်္ဂါအစိတ်အပိုင်းတွေထဲမှာ နှလုံးက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ပင်လယ်စာထဲမှာ ပရိုတင်းဓာတ်များ ကြွယ်ဝစွာပါဝင်ခြင်းနဲ့ ပြည့်ဝဆီ ပါဝင်မှု နည်းပါးတဲ့အတွက်ကြောင့် နှလုံးအဆီဖုံးခြင်းနဲ့ နှလုံးသွေးကြောကျဉ်းခြင်းစတဲ့ နှလုံးရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။

အသားအရေကို စိုပြေလှပစေခြင်း

အသားအရေက ရေဓာတ်ပြည့်ဝပြီး ဝက်ခြံနဲ့ အမဲစက်များ ကင်းစင်ချင်တယ်ဆိုရင်တော့ ပင်လယ်စာ ပုံမှန်စားသုံးပေးနိုင်ပါတယ်။ ဒါ့အပြင် ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေ ပျက်စီးခြင်းမှလည်း ကာကွယ်ပေးပါတယ်။

စိတ်ကျရောဂါကို တိုက်ဖျက်ပေးခြင်း

လေ့လာတွေ့ရှိချက်အသစ်အရ အိုမီဂါသရီး အက်ဆစ်ဓာတ် ကြွယ်ဝတဲ့ ပင်လယ်စာများက စိတ်ကျရောဂါ ခံစားရနိုင်ချေကို လျော့ချပေးပြီး အကောင်းမြင်စိတ်များ ခံစားရရှိလာအောင် ကူညီပေးတယ်လို့ သိရှိရပါတယ်။

မှတ်ဉာဏ်စွမ်းရည်ကို တိုးမြှင့်ပေးခြင်း

ပင်လယ်စာများက အိုမီဂါသရီးဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေပြီး မှတ်ဉာဏ်တိုးစေပါတယ်။ ကလေးငယ်များအတွက် ပင်လယ်စာက ဦးနှောက်ဖွံ့ဖြိုးဖို့ ကူညီပေးပြီး အမျိုးသမီးများအတွက်ကတော့ အရွယ်အိုမင်းခြင်းကြောင့် မှတ်ဉာဏ်ချို့ယွင်းခြင်းမှ ကာကွယ်ပေးပြီး အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးပါတယ်။

ပင်လယ်စာချစ်သူတို့အနေနဲ့ အထက်ဖော်ပြပါအကျိုးကျေးဇူးများထဲမှ ဘယ်အကျိုးကျေးဇူးများကို ခံစားရလဲဆိုတာကို ပြောပြပေးသွားဦးနော်။

Source: Poolhousesd.com