ပြေးရင်းလွှားရင်းနဲ့ ခလုတ်တိုက် ချော်လဲလို့ပဲဖြစ်ဖြစ်၊ ဟင်းချက်နေချိန် ဟင်းသီးဟင်းရွက် သစ်သီးများ၊ အသား ငါးများ ခုတ်ထစ်လှီးဖြတ်နေရင်းနဲ့ ဓားရှတဲ့အခါပဲဖြစ်ဖြစ်၊ ဘယ်လိုအကြောင်းအမျိုးကြောင့်ပဲ ထိခိုက်ဒဏ်ရာ ရနေပါစေ အလျင်အမြန် ကုသပေးဖို့လိုအပ်ပါတယ်။

ဒဏ်ရာကို ပိုးမဝင်အောင် သန့်စင်ပြီး ဆေးထည့်ပေးခြင်းတို့ ပြုလုပ်နိုင်သလို ဆေးဝါးပစ္စည်းများ စုံစုံလင်လင်မရှိပါက (သို့မဟုတ်) အလွယ်တကူမရရှိနိုင်ပါက သင့် မီးဖိုချောင်ထဲမှာရှိတဲ့ အစားအစာ၊ ဟင်းခပ်ပစ္စည်းများနဲ့ ကုသပေးနိုင်ပါတယ်။

သဘာဝအဆီများ

လာဗန်ဒါအဆီ (သို့) Tea Tree အဆီ (သို့) အုန်းဆီ စသည်ဖြင့် မိမိနှစ်သက်ရာဆီတစ်မျိုးမျိုးကို ဒဏ်ရာပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ နှစ်စက်၊ သုံးစက်ခန့်လောက် သုတ်လိမ်းပေးရုံနဲ့ လုံလောက်ပါပြီ။ လာဗန်ဒါဆီနဲ့ Tea Tree ဆီကို ဆတူရောစပ်ပြီး လိမ်းကျံပေးလို့လည်းရပါတယ်။

လာဗန်ဒါအဆီရော Tea Tree ဆီ နှစ်မျိုးစလုံးက ဒဏ်ရာအကျက်မြန်စေပါတယ်။

ရှာလကာရည်

ရိုးရိုးရှာလကာရည် (သို့) ပန်းသီးရှာလကာရည် အနည်းငယ်ကို ရေနွေးနွေးလေး ၈၅ မီလီလီတာခန့်နဲ့ သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ဒဏ်ရာပေါ်မှာ သုတ်လိမ်းပေးပြီး နှိပ်နယ်ပေးလိုက်ပါ။ တစ်နေ့ကို နှစ်ကြိမ်ခန့် ပြုလုပ်ပေးလိုက်ပါ။ ၅ ရက်၊ ၆ ရက်ကြာတဲ့အခါ သက်သာသွားပါလိမ့်မယ်။

သွားတိုက်ဆေး

သွားတိုက်ဆေးအနည်းငယ်ကို ဒဏ်ရာပေါ် လိမ်းကျံပေးလိုက်ပါ။ သင့်ရဲ့အဝတ်အစားများ သွားတိုက်ဆေး မပေကျံဖို့ရန်အတွက် ဒဏ်ရာကို ပတ်တီးဖြင့် ပတ်ထားလိုက်ပါ။ တစ်ညခန့် ထားထားပြီး မနက်မိုးလင်းမှ ရေနဲ့ ဆေးပေးလိုက်ပါ။

နံနံပင်

နံနံပင်အနည်းငယ်ကို ထောင်းထားပြီး ဒဏ်ရာရသော နေရာတဝိုက်မှာ ပုံထားပေးလိုက်ပါ။ ထို့နောက် ပတ်တီးဖြင့် ၇ မိနစ်၊ ၈ မိနစ်ခန့် စည်းနှောင်ထားရပါမယ်။

ဂျင်း

ဂျင်းတုံးအနည်းငယ်ကို အခွံခွာပြီး ထုထောင်းထားလိုက်ပါ။ ထို့နောက် ဒဏ်ရာပေါ်မှာ အုပ်ထားပေးလိုက်ကာ ပတ်တီးစည်းထားလိုက်ပါ။ ဒဏ်ရာမြန်မြန်ပျောက်ကင်းချင်တယ်ဆိုရင်တော့ ပတ်တီးစည်းထားလိုက်ပါ။ တစ်ရက်၊ နှစ်ရက်ကြာရင် ပျောက်သွားပါလိမ့်မယ်။

သင်္ဘောသီး

အင်းဆက်ပိုးကောင်များ အကိုက်ခံရတဲ့အခါ (သို့) အတုပ်ခံလိုက်ရတဲ့အခါ သင်္ဘောသီးကို ပါးပါးလှီးပြီး နာကျင်နေတဲ့နေရာမှာ တစ်နာရီကြာအောင် ကပ်ထားပေးလိုက်ပါ။ သင်္ဘောသီးက အင်းဆက်ပိုးကောင်လေးများရဲ့ အဆိပ်ကို ဖယ်ရှားပေးပါလိမ့်မယ်။

ကြက်သွန်နီနှင့် ကြက်သွန်ဖြူ

ခုံစောင်း (သို့) မာကြောတဲ့အရာတစ်ခုခုနဲ့ တိုက်မိသွားတဲ့အခါ ကြက်သွန်နီကို ထက်ခြမ်းခြမ်းပြီး ချက်ချင်းပွတ်တိုက်ပေးလိုက်ပါ။

ကြက်သွန်ဖြူတစ်မြွှာကို ပြားနေအောင် ထုထောင်းလိုက်ပြီး ဒဏ်ရာပေါ်မှာ သုတ်လိမ်းပေးလို့လည်းရပါတယ်။

Source: Stylecraze.com