အစားအစာများ လတ်လတ်ဆတ်ဆတ်နဲ့ ကြာရှည်အထားခံဖို့အတွက် အရေးကြီးဆုံးအရာကတော့ အစားအစာ ထားသိုပုံနည်းစနစ် မှန်ကန်ဖို့ပါပဲ။ ထားသိုပုံနည်းလမ်း မှားယွင်းသွားတာနဲ့ ထိုအစားအစာများက မှိုတက်ခြင်း၊ ပုရွတ်ဆိတ်တက်ခြင်း၊ မာလွန်းခြင်း၊ ပျော့လွန်းခြင်း စတဲ့ အခြင်းအရာများကို ကြုံတွေ့ရနိုင်ပါတယ်။

အချို့အစားအစာများကိုတော့ နေရောင်ခြည်နဲ့ ဝေးပြီး ခြောက်သွေ့တဲ့နေရာမှာ သိမ်းဆည်းသိုလှောင်သင့်ပြီး အချို့ကိုတော့ ရေခဲသေတ္တာထဲတွင်သာ သိမ်းဆည်းထားသင့်ပါတယ်။

ဒီဆောင်းပါးလေးမှာ ဖော်ပြပေးချင်တာကတော့ ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားသင့်တဲ့ အစားအစာလေးတွေပဲဖြစ်ပါတယ်။

ဂျုံမှုန့်

ဂျုံမှုန့်ကို လေလုံပြီး သန့်စင်ခြောက်သွေ့သောဘူးထဲတွင် ထည့်သိမ်းထားသင့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားမယ်ဆိုရင်တော့ တစ်နှစ်တိတိ အထားခံပြီး အခန်းအပူချိန်မှာပဲ ထားထားမယ်ဆိုရင်တော့ ၆ လကနေ ၈ လအထိပဲ အထားခံပါတယ်။

သစ်သီးခြောက်များ

သစ်သီးခြောက်များကိုတော့ လေလုံအောင် သိမ်းထားခြင်းက အသင့်တော်ဆုံးဖြစ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါက ၆ လအထိ အထားခံပါတယ်။

ကိတ်မုန့်၊ ပေါင်မုန့်

ပေါင်မုန့်များကို ကြောင်အိမ်ထဲမှာပဲ သိမ်းထားမယ်ဆိုရင်တော့ မှိုတက်မြန်ပါတယ်။ လတ်လတ်ဆတ်ဆတ်နဲ့ ကြာရှည်အထားခံချင်တယ်ဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါ။ ရက်သတ္တပတ် သုံးပတ်တိတိအထားခံပါတယ်။

ပန်းသီး

ပန်းသီးကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားတဲ့အခါ ရေမဆေးဘဲ ဒီအတိုင်း တန်းထည့်ထားလိုက်ပါ။ ရေဆေးလိုက်တဲ့အခါ ပန်းသီးက ပုပ်သွားတတ်လို့ပါပဲ။

မြေပဲထောပတ်

ပါကင်မဖွင့်ရသေးတဲ့ မြေပဲထောပတ်ပုလင်းကိုတော့ အခန်းအပူချိန်မှာပဲ သိမ်းထားတာ အကောင်းဆုံးပါ။ ဒါပေမဲ့ ထိုပုလင်းကို ဖွင့်လိုက်ပြီဆိုတာနဲ့ ရေခဲသေတ္တာထဲမှာပဲ ပြန်သိမ်းထားသင့်ပါတယ်။

အချဉ်ဓာတ်ပါဝင်သော သစ်သီးများ

လိမ္မော်သီး၊ Grapefruit သီးစတဲ့ အချဉ်ဓာတ်ပါဝင်တဲ့ သစ်သီးများကို အခန်းအပူချိန်မှာပဲ ထားထားမယ်ဆိုရင်တော့ ၁၀ ရက်အထိပဲ အထားခံပြီး ရေခဲသေတ္တာထဲ သိမ်းထားမယ်ဆိုရင်တော့ ရက်သတ္တပတ် ၂ ပတ်မှ ၃ ပတ်အထိ အထားခံပါတယ်။

အခွံမာသီးများ

အခွံမာသီးများကိုလည်း လေလုံသော ဖန်ပုလင်းထဲ သေချာထည့်သိမ်းထားပြီးနောက် ရေခဲသေတ္တာထဲ ထည့်သိမ်းထားခြင်းက အစိုဓာတ်ကို ထိန်းပေးထားတာကြောင့် လတ်လတ်ဆတ်ဆတ်နဲ့ အထားခံနေမှာပဲဖြစ်ပါတယ်။

Source: Brightside.me