နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်ခြင်းက လူတစ်ယောက်ရဲ့ကျန်းမာရေးအတွက် အရေးကြီးသည်သာမကဘဲ နေ့သစ်တစ်နေ့အတွက် ရွှင်လန်းတက်ကြွနေစေဖို့အတွက် ကူညီပေးပါတယ်။ စာဖတ်သူအနေနဲ့ ညဘက်အိပ်စက်ချိန်မှာ ကလေးလေး တစ်ယောက်လို အပူအပင်ကင်းစွာ အိပ်မောကျနိုင်သလား ဒါမှမဟုတ် အိပ်မပျော်ခြင်းနဲ့ နပန်းလုံးနေရသလားဆိုတာကတော့ ကိုယ် စားလိုက်တဲ့  ညစာပေါ် မူတည်ပါတယ်။

စာဖတ်သူအနေနဲ့ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်စက်အနားယူချင်တယ်ဆိုရင်တော့ အိပ်စက်ချိန်နဲ့ နီးကပ်ပြီး စားသင့်တဲ့ အစားအစာနဲ့ အိပ်စက်ချိန်နဲ့ ဝေးနိုင်သမျှ ဝေးဝေးစားသင့်တဲ့ အစားအစာများကို သိထားသင့်ပါတယ်။

ဝက်သားညှပ် ချိစ်ဘာဂါများ

အသင့်စား အစားအစာများက သင့်ရဲ့ကျန်းမာရေးနဲ့ အိပ်စက်ခြင်းတို့ရဲ့ဘုံရန်သူပဲဖြစ်ပါတယ်။ ဝက်သားပြားများ အဆီဓာတ်များပြားစွာပါဝင်တဲ့အတွက်ကြောင့် အစာခြေရည်အက်ဆစ်များကို ထုတ်လွှတ်ပေးပြီး အိပ်စက်ချိန်မှာ ရင်ပူနေတဲ့အတွက်ကြောင့် တော်တော်နဲ့ အိပ်ပျော်မှာမဟုတ်ပါဘူး။

ဝိုင်

ဝိုင်ကဲ့သို့ အရက်ဘီယာများက ဆီးရွှင်ဆေးတစ်မျိုးပဲဖြစ်ပါတယ်။ များများသောက်သုံးမိပါက အိပ်ပျော်နေစဉ်မှာ မကြာခဏအပေါ့သွားချင်နေမှာဖြစ်ပြီး အိပ်ရေးပျက်စေမှာအမှန်ပါပဲ။ ဒါ့အပြင် ထိုဖျော်ရည်များက သင့်ကို ဟောက်သံအကျယ်ကြီး ထွက်စေပါတယ်။

ချောကလက်

ချောကလက်မှာ ကာဖိန်းဓာတ်နဲ့ Theobromine ဓာတ်တို့ ပါဝင်တဲ့ ထိုဓာတ်တွေက အာရုံကြောစနစ်ကို လှုံ့ဆော်ပေးကာ နှလုံးခုန်နှုန်းမြန်စေပါတယ်။ ဒါ့အပြင် အိပ်မရတဲ့ရောဂါကိုလည်း ခံစားရနိုင်ချေများတတ်ပါတယ်။

ကြက်သား

ကြက်သားမှာ ပါဝင်တဲ့ များပြားလှစွာသော ပရိုတင်းဓာတ်က အစာချေစနစ်ကို ၅၀ ရာခိုင်နှုန်းခန့် နှေးကွေးစေပါတယ်။ ဒါ့ကြောင့် အိပ်ချိန်နဲ့ နီးကပ်စွာ စားသုံးမိပါက သင်က အိပ်ပျော်နေပေမယ့် သင့်အစာအိမ်ကတော့ ထိုအစားအစာများကို ချေဖျက်နေရတုန်းပါပဲ။

စပ်သောအစားအစာများ

ညစာစားတဲ့အခါ စပ်တဲ့အစားအစာတွေကို မစားသုံးတာ အကောင်းဆုံးပါပဲ။ စားသုံးမိပါက ရင်ပူစေပြီး ဗိုက်အောင့် ဗိုက်နာဖြစ်စေကာ အိပ်ရေးပျက်စေပါလိမ့်မယ်။

အိပ်ခါနီးမှာ စားသုံးသင့်တဲ့အစားအစာများကတော့…

ငှက်ပျောသီး

ငှက်ပျောသီးမှာ ပါဝင်တဲ့ မဂ္ဂနီစီယမ်နဲ့ ကယ်လ်စီယမ်ဓာတ်က ကြွက်သားများ ကြီးထွားဖွံ့ဖြိုးဖို့အတွက် ကူညီထောက်ပံ့ပေးတာကြောင့် သင် အိပ်ပျော်နေစဉ်မှာ ကြွက်သားများကို အားပြန်ဖြည့်ပေးမှာပဲဖြစ်ပါတယ်။

နွားနို့

နွားနို့မှာ ပါဝင်တဲ့ Tryptophan နဲ့ အမိုင်နိုအက်ဆစ်က သင့်ကို နှစ်နှစ်ခြိုက်ခြိုက်နဲ့ အချိန်ကြာကြာအိပ်စက်အနားယူနိုင်အောင် ကူညီပေးပါတယ်။

ချယ်ရီသီး

ချယ်ရီသီးမှာ ပါဝင်တဲ့ Melatonin က ခန္ဓာကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်းများ သူ့အချိန်နဲ့သူ မှန်မှန်အလုပ်လုပ်ဖို့ရန်အတွက် လှုံ့ဆော်ပေးပြီး ကောင်းစွာအိပ်စက်အနားယူနိုင်အောင် ကူညီပေးပါတယ်။

Source: Brightside.me