ခရစ်စတိုဖာ ကိုလံဘတ်စ်က အသီးများရဲ့ နတ်ဘုရားလို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ သင်္ဘောသီးက လူ့ခန္ဓာကိုယ်အတွက် များစွာအကျိုးပြုနိုင်ပါတယ်။ အရသာရှိတဲ့ ထိုသစ်သီးကို တစ်ပတ်တစ်လုံး မှန်မှန်စားသုံးပေးခြင်းအားဖြင့် ခံစားရရှိမယ့် အကျိုးကျေးဇူးများကတော့…

ကိုလက်စတောပမာဏကို လျော့ချပေးခြင်း

အမျှင်ဓာတ်ကြွယ်ဝတဲ့ သင်္ဘောသီးက မြင့်မားနေတဲ့ ကိုလက်စတောပမာဏကို လျော့ချပေးဖို့အတွက် ကူညီပေးပါတယ်။ ဒါ့အပြင် Antioxidants နဲ့ ဗီတာမင်ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် နှလုံးရောဂါဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

သန်ကောင်နှင့် ကပ်ပါးကောင်များကို ဖယ်ရှားပေးနိုင်ခြင်း

သန်ကောင်နှင့် ကပ်ပါးကောင်များက သင့်ခန္ဓာကိုယ်ကို ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေနိုင်တဲ့ တရားခံတွေဖြစ်ပါတယ်။ သင်္ဘောသီးက ထိုကပ်ပါးကောင်များ ဆက်လက်မျိုးမပွားနိုင်အောင် ကူညီပေးတာကြောင့် သင့်ခန္ဓာကိုယ်တွင် ကပ်ပါးကောင်များကို ဖယ်ရှားဖို့အတွက် သင်္ဘောသီးရဲ့အကူအညီကို ရယူလိုက်ပါ။

ကိုယ်ခံစွမ်းအားမြှင့်တင်ပေးခြင်း

ထိုသစ်သီးတွင် ကိုယ်ခံစွမ်းအားကို မြှင့်တင်ရာမှာ လိုအပ်တဲ့ ဗီတာမင် အေ၊ ဗီတာမင် စီနှင့် ဗီတာမင် အီးတို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ပြင်ပမှာ ရောဂါပိုးမွှားများ ဝင်ရောင်မလာဖို့ရန်အတွက် သင်္ဘောသီးကို မှန်မှန်စားသုံးပြီး ကိုယ်ခံအားကို မြှင့်တင်လိုက်ပါ။

ရောင်ရမ်းမှုကို လျှော့ချပေးခြင်း

သင်္ဘောသီးက ရောင်ရမ်းမှုကို လျှော့ချပေးတဲ့ အစွမ်းသတ္တိပိုင်ဆိုင်ထားတဲ့အတွက်ကြောင့် အသားအရေများ ရောင်ရမ်းသူများ၊ အရိုးအဆစ်များ နာကျင်ကိုက်ခဲတတ်သူများ၊ ဒူလာရောဂါခံစားရသူများနှင့် ပန်းနာရင်ကြပ်ရောဂါအခံရှိသူများအနေနဲ့ သင်္ဘောသီးကို တစ်ပတ်တစ်ကြိမ် မှန်မှန်စားသုံးသင့်ပါတယ်။

အိုမင်းရင့်ရော်မှုကို နှေးကွေးစေခြင်း

သင်္ဘောသီးမှာ ပါဝင်တဲ့ ဗီတာမင်စီ၊ ဗီတာမင်အီးနှင့် Antioxidants များက နေလောင်ဒဏ်၊ ဖုန်မှုန့်နှင့် အညစ်အကြေးစတဲ့ လေထုညစ်ညမ်းမှုကြောင့် ပါးရေတွန့်ခြင်း၊ အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းတို့ကို တားဆီးပေးကာ အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။

သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း

သွေးတိုးသမားများအနေနဲ့ သင်္ဘောသီးကို ဆေးစွမ်းကောင်းတစ်လက်အဖြစ် မှီဝဲသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သင်္ဘောသီးမှာပါဝင်တဲ့ Carpaine အော်ဂဲနစ်ဒြပ်ပေါင်းတစ်မျိုးက သွေးပေါင်ချိန်ကို လျော့ချပေးနိုင်လို့ပဲဖြစ်ပါတယ်။

စိတ်ဖိစီးမှိုကို လျော့ချပေးခြင်း

အယ်လ်ဘားမား တက္ကသိုလ်မှ သုတေသနလေ့လာချက်တစ်ခုအရ သင်္ဘောသီးထဲမှာ ပါဝင်တဲ့ ဗီတာမင်စီက စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ဟော်မုန်းများကို လျော့ချပေးတယ်လို့ သိရှိရပါတယ်။ သင့်အနေနဲ့ မကြာခဏစိတ်ဖိစီးမှုကို ခံရတတ်တယ်ဆိုရင် သင်္ဘောသီးကို တစ်ပတ်တစ်ခါ ပုံမှန်စားသုံးပေးနိုင်ပါတယ်။

Source: Brightside.me