ဆားရေစိမ်သနပ်များက သူ(မ)ကို ကျန်းမာလှပအောင် ကူညီပေးတယ်လို့ ကလိုယိုပတ်ထရာဘုရင်မက ယုံကြည်ထားတာပါ။ ဂျူးလိယက်ဆီဇာနဲ့ အခြားရောမအင်ပါယာဘုရင်များကလည်း သူတို့ရဲ့စစ်သားများ ပိုပြီးသန်မာဖို့ရန်အတွက် ဆားရေစိမ်သနပ်များ စားခိုင်းလေ့ရှိပါတယ်။ ဆားရေစိမ်သနပ်တစ်ခုတည်းကပဲ ကျန်းမာရေးအတွက် ကောင်းမွန်တာမဟုတ်ဘဲ ဆားရေစိမ်သနပ်ကနေ ရရှိတဲ့အရည်ကလည်း ခန္ဓာကိုယ်အတွက် အံ့မခန်း အသုံးဝင်လှပါတယ်။

ဆားရေစိမ်ဖျော်ရည်က ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ဆောင်ကျဉ်းပေးနိုင်သလဲဆိုတော့ …

ကိုယ်အလေးချိန် လျော့ချပေးခြင်း

ဆားရေစိမ်တဲ့အခါ ရှာလကာရည်ကိုလည်း အသုံးပြုရတာဖြစ်ပါတယ်။ လေ့လာချက်များအရ ရှာလကာရည်က ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင့်ပေးပြီး အဆီများကို လောင်ကျွမ်းစေကာ အစား စားချင်စိတ်ကိုလည်း ထိန်းချုပ်ပေးပါတယ်။ ဆားရေစိမ်ဖျော်ရည် အနည်းငယ် သောက်သုံးပေးရုံမျှဖြင့် သင့်ရဲ့ကိုယ်အလေးချိန်ကို ထိန်းချုပ်နိုင်ပါတယ်။

ခံတွင်းရနံ့ ကောင်းမွန်စေခြင်း

အာခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားများက ခံတွင်းရနံ့ဆိုးကို ဖြစ်ပွားစေပါတယ်။ ဆားရေစိမ်ဖျော်ရည်ထဲမှာပါဝင်တဲ့ ရှာလကာရည်အချဉ်ဓာတ်က ဘက်တီးရီးယားပိုးမွှားများကို သေစေပြီး ခံတွင်းအနံ့အသက်ကို ကောင်းမွန်စေပါတယ်။

အစာအိမ်ကျန်းမာရေးအတွက် အထောက်အကူပြုခြင်း

ဆားရေစိမ် ဖျော်ရည်ကို သောက်သုံးခြင်းအားဖြင့် ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်းတို့ကို သက်သာပျောက်ကင်းစေကာ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။

ပင်ပန်းနွမ်းနယ်နေတဲ့ ကြွက်သားများအတွက် အားဆေးတစ်လက်

ဆားရေစိမ်ဖျော်ရည် စားပွဲတင်ဇွန်း ၅ ဇွန်းခန့် သောက်သုံးပေးခြင်းက ကြွက်သားများ နာကျင်မှုကို သက်သောပျောက်ကင်းစေတယ်လို့ လေ့လာချက်အရ သိရှိရပါတယ်။ ဆားရေစိမ် ဖျော်ရည် စားပွဲတင်ဇွန်း ၅ ဇွန်းခန့်က ရိုးရိုးရေ စားပွဲတင်ဇွန်း ၅ ဇွန်းခန့်ထက် ပိုအစွမ်းထက်ပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ ထိုဖျော်ရည်ထဲမှာပါဝင်တဲ့ ရှာလကာရည်က ဦးနှောက်ကို နာကျင်မှုဝေဒနာ မခံစားရစေဖို့ လှုံ့ဆော်ပေးလိုက်လို့ပါပဲ။

ရေဓာတ် ပြည့်ဝနေစေခြင်း

သင့် ခန္ဓာကိုယ်မှာ ရေဓာတ် ခမ်းခြောက်နေမယ်၊ အားကစား ပြုလုပ်ခြင်းကြောင့် ရေဓာတ် ဆုံးရှုံးနေတဲ့အခါ ဆိုဒီယမ်ဓာတ် ပါဝင်တဲ့ အရည်တစ်မျိုးမျိုးသောက်သုံးခြင်းက ရေဓာတ်ကို အလျင်အမြန် ပြန်လည်ဖြည့်တင်းပေးပါတယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း

ဆေးသုတေသီများက ရှာလကာရည်ဓာတ် ပါဝင်တဲ့ ဆားရေစိမ်ဖျော်ရည်က ဆီးချိုရောဂါခံစားနေရသူများအတွက် ရောဂါဝေဒနာ သက်သာအောင် ကူညီပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

Antioxidants များ ကြွယ်ဝစွာပါဝင်ခြင်း

ဆားရေစိမ် ဖျော်ရည်ထဲမှာ ဗီတာမင် စီ၊ ဗီတာမင်အီးတို့ ပါဝင်တဲ့အတွက်ကြောင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး ရောဂါဘယများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်မလာအောင် ကူညီပေးပါတယ်။

Source: Brightside.me