နွားနို့ကို ဖျော်ရည်အဖြစ် သောက်သုံးခြင်း၊ ဟင်းချက်ရာတွင် ပါဝင်ပစ္စည်းတစ်မျိုးအဖြစ် အသုံးပြုခြင်းအပြင် အခြားသောနည်းလမ်းများဖြင့်လည်း အသုံးပြုနိုင်တယ်ဆိုတာကို သင် သိပြီးပါပြီလား။

ဘယ်လိုနည်းလမ်းများးဖြင့် အသုံးပြုနိုင်မလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်။

မျက်စိယားယံခြင်း၊ မျက်စိစပ်ခြင်းတို့ကို ပျောက်ကင်းသက်သာစေခြင်း

မျက်စိယားယံခြင်း (သို့) ငရုတ်သီးကြောင့် မျက်စိစပ်တဲ့အခါ နွားနို့ဖြင့် မျက်စဉ်းခပ်ပေးပါက ခံစားရတဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။

မြေသြဇာအဖြစ် အသုံးပြုနိုင်ခြင်း

နွားနို့ကို မြေသြဇာအဖြစ် အသုံးပြုပေးပါက သင့်ရဲ့အပင်က လုံလောက်တဲ့အာဟာရဓာတ်များကို ရရှိသွားပြီး ပိုမိုသန်မာလာပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခုသတိထားရမှာကတော့ ဓာတုမြေသြဇာများနဲ့ နွားနို့ကို ရောမသုံးမိပါစေနဲ့။ ရောသုံးလိုက်ပါက နွားနို့ရဲ့အာနိသင်များ အချည်းနှီးဖြစ်သွားပါလိမ့်မယ်။

ဆံပင်ဖြောင့်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း

စပရေးဘူးထဲသို့ နွားနို့ စားပွဲတင်ဇွန်း ၅ ဇွန်းခန့် ထည့်လိုက်ပါ။ ထို့နောက် သင့်ဆံကေသာကို နွားနို့စပရေးဖြင့် ပက်ဖြန်းပေးလိုက်ပါ။ ပြီးတဲ့အခါ သင့်ဦးရေပြားကို နှိပ်နယ်ပေးခြင်း၊ ဆံပင်ဖြီးခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်ကြာတဲ့အခါ ခေါင်းလျှော်ချလိုက်ပါ။ ဒါဆိုရင်တော့ သင့်ဆံကေသာ ဖြောင့်စင်းသွားမှာဖြစ်တဲ့အပြင် ပိုမိုတောက်ပြောင်ပြီး ပိုမိုသန်စွမ်းလာပါလိမ့်မယ်။

အိမ်သုတ်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း

ရှေးအီဂျစ်လူမျိုးများက နွားနို့ကို အဖြူရောင်အိမ်သုတ်ဆေး ပြုလုပ်တဲ့အခါ အဓိကပါဝင်ပစ္စည်းအနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ နွားနို့ဖြင့် ဆေးသုတ်ပါက အိမ်နံရံများ ပျက်စီးသွားမှာကို စိတ်ပူစရာမလိုပါဘူး။ ဆေးခြောက်သွားတာနဲ့တပြိုင်နက် နွားနို့ရဲ့အနံ့လည်း ပျောက်သွားပါတယ်။

မိတ်ကပ်ဖျက်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း

နွားနို့က ဆံကေသာအလှအပအတွက်သာမက အသားအရေအလှအပအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဓာတုမိတ်ကပ်ဖျက်ဆေးများကို အသုံးပြုမယ့်အစား ဝါဂွမ်းစလေးပေါ်မှာ နွားနို့အနည်းငယ် ဆမ်းထည့်ပြီး မိတ်ကပ်ဖျက်ပေးခြင်းက သင့်ရဲ့အသားအရေရဲ့အစိုဓာတ်ကို ထိန်းပေးပြီး အသားအရေကို နူးညံ့စိုပြေစေပါတယ်။

အင်းဆက်ပိုးမွှားများ အကိုက်ခံရခြင်းကြောင့် ဖြစ်ပေါ်လာသော အနီဖုများကို သက်သာစေခြင်း

နွားနို့ထဲမှာ ပါဝင်တဲ့ ပရိုတင်းဓာတ်က အသားအရေ ရောင်ရမ်းမှုကို လျော့ချပေးနိုင်ပါတယ်။ ဒါပေမဲ့ နွားနို့တစ်ခုတည်းပဲ သီးသန့်အသုံးမပြုဘဲ ရေအနည်းငယ်နဲ့ ရောနှောကာ လက်ကိုင်ပုဝါပေါ်ဆွတ်ပြီး နီရဲနေသော အဖုပေါ်မှာ အုပ်ထားပေးလိုက်ပါ။ ဒါ့အပြင် ထိုနွားနို့ရည်က နေလောင်ခြင်းအတွက်လည်း အသုံးတည့်ပါတယ်။

သားရေပစ္စည်းများကို သန့်ရှင်းရေးပြုလုပ်နိုင်ခြင်း

သားရေနဲ့ ပြုလုပ်ထားသော ဆိုဖာ၊ လက်ကိုင်အိတ်၊ ရှူးဖိနပ်များပေါ်တွင် အစွန်းအထင်းရာများ၊ အမဲစက်များ ဖယ်ရှားချင်တဲ့အခါ နွားနို့အသုံးပြုကာ ဖယ်ရှားပေးနိုင်ပါတယ်။ နွားနို့က ဝယ်ရလွယ်ကူပြီး သားရေများကိုလည်း ပျက်စီးစေမှာမဟုတ်တဲ့အတွက်ကြောင့် စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။

သင်ရော နွားနို့ကို ဟင်းချက်ခြင်းအပြင် အခြားသော နည်းလမ်းများအတွက် အသုံးပြုဖူးပါသလား။

Source: Brightside.me