တစ်နေကုန်ပြေးလွှားနေရတဲ့အခါ၊ (သို့) သက်သောင့်သက်သာမရှိတဲ့ ဖိနပ် စီးမိတဲ့အခါ၊ လမ်းလျှောက်များတဲ့အခါ၊ မတ်တပ်ရပ်ရတာများတဲ့အခါ သင့်ခြေထောက်ကြွက်သားတွေက ညောင်းညာကိုက်ခဲနေတတ်ပါတယ်။ ခြေထောက်တွေ ညောင်းညာနေတယ်ဆိုရင် အညောင်းပြေဖို့အတွက် ဘယ်လိုနည်းလမ်းတွေ အသုံးပြုနိုင်သလဲဆိုတာ စာဖတ်သူတို့ သိပြီးကြပြီလား။

မသိသေးဘူးဆိုရင် ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြည့်လိုက်ရအောင်။ မီးဖိုချောင်ထဲမှာ အဆင်သင့်ရှိပြီးသားပစ္စည်းတွေနဲ့ အညောင်းဖြေလိုက်ရုံပါပဲ။

ရေနွေးပူ

ရေနွေးပူထဲသို့ တဘက်တစ်ထည် ထည့်ပြီးနောက် ထိုတဘက်ကို ရေစင်အောင် ညှစ်ပေးလိုက်ပါ။ ထိုတဘက်ကို ညောင်းညာကိုက်ခဲနေတဲ့ခြေထောက်ပေါ် အုပ်ထားပေးလိုက်ပါ။ နွေးနေတဲ့ တဘက်က သာမန်အပူချိန်အတိုင်းဖြစ်သွားသည်အထိ ကပ်ထားပေးရပါမယ်။

တကယ်လို့ သင့်အိမ်မှာ ရေနွေးအိတ်ရှိရင်လည်း ထိုအိတ်ကို အသုံးပြုနိုင်ပါတယ်။ အကိုက်အခဲပြေသွားတဲ့အထိ ကပ်ထားပေးရမှာပဲဖြစ်ပါတယ်။

ရှာလကာရည်

ပန်းသီးရှာလကာရည် ၁၂၅ မီလီလီတာခန့်ကို ရေနွေးပူနဲ့ ရောနှောလိုက်ပါ။ ထို့နောက် သင့်ခြေထောက်ကို ရေနွေးပူထည့်ထားသော ဇလုံထဲမှာ ၁၅ မိနစ်ခန့် စိမ်ထားရပါမယ်။ အချိန်ပြည့်မှ ပန်းသီးရှာလကာရည်များကို ရေနဲ့ ဆေးချလိုက်ပါ။

မနက်မိုးလင်းချိန်မှာလည်း ပန်းသီးရှာလကာရည်ကို ရေနွေးနွေးနဲ့ သောက်သုံးပေးလိုက်ပါ။ အရသာကောင်းကောင်းလေး သောက်ချင်တယ်ဆိုရင်တော့ ပျားရည် ထည့်သောက်နိုင်ပါတယ်။

ရေခဲတုံးများ

ရေခဲတုံးများကို ပလပ်စတစ်အိတ် (သို့မဟုတ်) တဘက်ထဲထည့်ကာ လုံးလိုက်ပါ။ ထိုရေခဲတဘက်ကို ညောင်းညာနေသော ခြေထောက်ပေါ်တွင် စက်ဝိုင်းပုံသဏ္ဍာန် နှိပ်နယ်ပေးရပါမယ်။

သံလွင်ဆီနှင့် ငရုတ်သီးခြောက်

ငရုတ်သီးခြောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်ကို သံလွင်ဆီ ၂ အောင်စဖြင့် ရောနှောကာ တစ်ညစိမ်ထားလိုက်ပါ။ ညောင်းညာနေသော ခြေထောက်ပေါ်သို့ ငရုတ်သီး သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်း (သို့) နှစ်ဇွန်းခန့်ဖြင့် လိမ်းကျံကာ နှိပ်နယ်ပေးလိုက်ပါ။ ညအိပ်ရာမဝင်ခင် ပြုလုပ်ပေးမယ်ဆိုရင်တော့ ညောင်းညာကိုက်ခဲခြင်းတွေ ယူပစ်သလိုပျောက်သွားပါလိမ့်မယ်။

ဒီနည်းလမ်းအသုံးပြုမယ်ဆိုရင် သတိထားရမယ့်အရာကတော့ ဆီပေနေတဲ့လက်တဲ့ မျက်လုံး (သို့) အခြားအင်္ဂါအစိတ်အပိုင်းများကို မပွတ်လိုက်ပါနဲ့။ ခြေထောက်ကို သေသေချာချာလိမ်းကျံ နှိပ်နယ်ပြီးသွားပြီဆိုရင် လက်ဆေးပေးဖို့ လိုပါတယ်။

Source: Stylecraze.com