မိမိအိမ်မှာ ကိုယ်တိုင်ကိုယ်ကျ ဟင်းချက်ခြင်းကြောင့် ကောင်းကျိုးအများကြီး ရရှိနိုင်ပါတယ်။ သုတေသနလေ့လာချက်များအရ အိမ်ချက်အစားအစာများကို စားသုံးခြင်းက ကျန်းမာရေးနဲ့ ပိုညီညွှတ်တယ်လို့ သိရှိရပါတယ်။

ဒါပေမဲ့ မိမိအိမ်မှာ အစားအစာများကို ချက်ပြုတ်ပြင်ဆင်တဲ့အခါ အခုဖော်ပြပေးမယ့် အန္တရာယ်များသော အမူအကျင့်များကိုတော့ ရှောင်ကြဉ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။

အေးခဲနေသော အသားများကို အပြင်မှာ အအေးခံခြင်း

အပူချိန်ရုတ်တရက်ပြောင်းလဲခြင်းက ဘက်တီးရီးယားများ အလျင်အမြန်ပေါက်ဖွားမှုကို အားပေးရာရောက်ပါတယ်။ ဒါ့ကြောင့် အအေးခန်းထဲမှ အေးခဲနေသောအသားများကို ရေခဲသေတ္တာထဲတွင်သာ အအေးခံထားပါ (သို့) မိုက်ခရိုဝေ့ဖ်ထဲထည့်ကာ အခဲပျောက်သွားအောင် အပူပေးနိုင်ပါတယ်။

အသားစိမ်းများကို ဆေးကြောခြင်း

ကျွမ်းကျင်ပညာရှင်များက အသားစိမ်းများ ဆေးကြောခြင်းကို အားမပေးထားပါဘူး။ အကြောင်းအရင်းကတော့ အသားစိမ်းထဲက ဘက်တီးရီးယားများက အခြားမီးဖိုချောင်သုံးပစ္စည်းအပေါ် ပြန့်နှံ့သွားနိုင်လို့ပဲဖြစ်ပါတယ်။

အစားအစာများ ကောင်းသေးရဲ့လားဆိုတာကို မြည်းစမ်းကာ စစ်ဆေးခြင်း

အစားအစာရဲ့အရသာ (သို့) အသွင်အပြင်ကို ကြည့်ခြင်းအားဖြင့် အန္တရာယ်ရှိသော ဘက်တီးရီးယားများ ခိုအောင်းနေတယ်ဆိုတာကို မျက်စိနဲ့ မမြင်တွေ့နိုင်ပါဘူး။ ဒါပေမဲ့ သေးငယ်တဲ့ ဘက်တီးရီးယား ပမာဏအနည်းငယ်ကို စားသုံးမိရင်တောင် ပြင်းထန်သေ အစာအဆိပ်သင့်ခြင်းကို ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် အစားအစာများ ပုပ်သိုးသွားပြီလားဆိုတာကို သံသယရှိတယ်ဆိုရင် ချက်ချင်းလွှင့်ပစ်လိုက်ပါ။

အသား ငါးများကို အပြင်မှာပဲ နှပ်ထားခြင်း

အသား၊ ငါးများကို ဟင်းခပ်အမွှေးအကြိုင်များနဲ့ နယ်ပြီးတဲ့အခါ အပြင်မှာပဲ နှပ်ထားခြင်းက ဘက်တီးရီးယားပေါက်ဖွားမှုကို အားပေးရာရောက်ပါတယ်။ ဒါ့ကြောင့် အသားငါးများ နယ်ပြီး နှပ်ထားချင်တယ်ဆိုရင်တော့ ရေခဲသေတ္တာထဲပဲ ထည့်ထားသင့်ပါတယ်။

မကျက်တကျက် ချက်ထားသော အသား၊ ငါးများ

အသား၊ ငါးများကို မကျက်တကျက်ချက်ခြင်းက ဘက်တီးရီးယားများကို မသေစေတာကြောင့် ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။

အစားအစာ မချက်ပြုတ်ခင်မှာ လက် မဆေးခြင်း

ဘက်တီးရီးယားများက နေရာတိုင်းမှာ တည်ရှိနေကြတာပါ။ သင်က ပစ္စည်းများအားလုံးကို ထိတွေ့ပြီးနောက် လက် မဆေးဘဲ တန်းပြီး အစားအစာချက်ပြုတ်မယ်ဆိုရင်တော့ သင့် လက်ပေါ်က ဘက်တီးရီးယားတွေကို အစားအစာများဆီ ကူးပြောင်းရာ ရောက်တယ်ဆိုတာ မမေ့လိုက်ပါနဲ့။

ရေထိုးထားသော ကြက်သားများကို ဝယ်ယူခြင်း

သားငါးဆိုင်တွေက ကြက်သားများ အလေးချိန်စီးအောင် ရေထိုးထားလေ့ရှိပါတယ်။ ထိုကဲ့သို့ ရေထိုးထားတဲ့ ကြက်သားက သင့်ဟင်းရဲ့အရသာကို ပြောင်းလဲသွားစေတာကြောင့် မဝယ်ယူခင်မှာ သေချာစစ်ဆေးသင့်ပါတယ်။

ပျားရည်ကို မြင့်မားလွန်းသော အပူချိန်ဖြင့် ထိတွေ့စေခြင်း

သုတေသနလေ့လာချက်အရ ပျားရည်ကို မြင့်မားလွန်းသော အပူချိန်ဖြင့် ထိတွေ့လိုက်ခြင်းက ပျားရည်ရဲ့အရည်အသွေးကို လျော့ကျသွားစေပြီး ကင်ဆာရောဂါကို ဖြစ်ပွားစေတဲ့ ဒြပ်ပေါင်းများကို တိုးမြှင့်သွားစေပါတယ်။ ဒါ့ကြောင့် ပျားရည်ကို ပူလွန်းသော ရေနွေးဖြင့် ဖျော်မသောက်ဖို့ရာ အင်မတန် အရေးကြီးပါတယ်။

Source: Brightside.me