နူးညံ့ပျော့ပျောင်းတဲ့ဆံကေသာ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဆံပင်ဖြောင့်စက်များ၊ ကောက်စက်များ၊ ဆံပင်လေမှုတ်စက် စတဲ့ အပူစက်များ အသုံးပြုခြင်းကို ရှောင်ကြဉ်ရပါမယ်။ ဒါ့အပြင် တစ်နေရာတည်းမှာပဲ ဆံပင်ပျက်စီးထိခိုက်မှုမရှိစေဖို့ ဆံပင်ခွဲကြောင်းကို မကြာခဏ ပြောင်းပေးရပါမယ်။

ဒါတင်မကသေးပါဘူး။ ခေါင်းလျှော်ပြီးပြီးချင်း ရေစိုနေချိန်မှာ ခေါင်းမဖြီးသင့်သလို ဆံပင်ရဲ့အမြစ်ကိုလည်း မကြာခဏအားဖြည့်ပေးဖို့လည်း လိုပါတယ်။

အထက်ဖော်ပြပါနည်းလမ်းတွေကိုလည်း ပြုလုပ်ပေးဖို့ လိုအပ်သလို ဆက်လက်ဖော်ပြပေးမယ့် အစားအစာများ စားသုံးခြင်းအားဖြင့်လည်း သင့်ရဲ့ဆံကေသာ ကျန်းမာလှပအောင် ကူညီပေးနိုင်ပါတယ်။

ဥအမျိုးမျိုး

ကျွန်ုပ်တို့ရဲ့ဆံကေသာက Keratin လို့ခေါ်တဲ့ ပရိုတင်းဓာတ်တစ်မျိုးဖြင့် ဖွဲ့စည်းတည်ဆောက်ထားတာပါ။ ထိုပရိုတင်းဓာတ်မှာ အမိုင်နိုအက်ဆစ် ၁၈ မျိုးပါဝင်ပါတယ်။ ကြက်ဥ၊ ဘဲဥ စတဲ့ဥအမျိုးမျိုးထဲမှာ သင့်ဆံကေသာကို အားဖြည့်ပေးမယ့် အမိုင်နိုအက်ဆစ် ၉ မျိုးပါဝင်တာကြောင့် ဆံကေသာ ကျန်းမာလှပချင်တယ်ဆိုရင် ကြက်ဥ၊ ဘဲဥတို့ကို စားသုံးနိုင်ပါတယ်။

ဆော်လမွန်ငါး

ဆော်လမွန်ငါးမှာ ဆံပင်ကျန်းမာရေးအတွက် လိုအပ်တဲ့ အမိုင်နိုအက်ဆစ်၊ အိုမီဂါသရီးနဲ့ ပရိုတင်းဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ခြောက်သွေ့ကြမ်းတမ်းတဲ့ ဆံကေသာပိုင်ရှင်များအနေဖြင့် ဆော်လမွန်ငါးများများ စားသုံးသင့်ပါတယ်။

ကိုက်လန်

ကိုက်လန်မှာ သံဓာတ်နဲ့ ဗီတာမင်စီဓာတ်များ မြင့်မားစွာပါဝင်ပါတယ်။ ကိုက်လန်ရဲ့သံဓာတ်က အောက်ဆီဂျင်များ ဆံပင်ဆီသို့ရောက်အောင် ကူညီပို့ဆောင်ပေးပြီး ဆံကေသာကျန်းမာသန်စွမ်းအောင် ကူညီပေးပါတယ်။

တူနာနှင့် ပဲအမျိုးမျိုး

တူနာနဲ့ ပဲထဲမှာတော့ ဆံပင်အရှည်မြန်စေတဲ့ ပရိုတင်းဓာတ်များ ပါဝင်တာကြောင့် မှန်မှန်စားသုံးပေးမယ်ဆိုရင် ဆံကေသာကျန်းမာသန်စွမ်းလာမှာပဲဖြစ်ပါတယ်။

ဟင်းနုနွယ်

ဟင်းနုနွယ် (သို့) အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များမှာ ဆံကေသာပျက်စီးခြင်းမှ ကာကွယ်ပေးတဲ့ သံဓာတ်နဲ့ ဗီတာမင် အီးဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ သင် အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ သင့်ဆံကေသာလည်း တဖြည်းဖြည်း အားနည်းလာတာကြောင့် ဗီတာမင်အီးဓာတ်ရဲ့ အကူအညီကို မဖြစ်မနေရယူသင့်ပါတယ်။

အမဲသား၊ အရေခွံမပါသော ကြက်သား၊ ဝက်သား

ထိုအသားများက သံဓာတ် ရရှိနိုင်တဲ့ ပင်မအရင်းအမြစ်ပဲဖြစ်ပါတယ်။ သင် ဘာကြောင့် မကြာခဏ ဆံပင်ကျွတ်သလဲဆိုတာကို သင် သိပါသလား။

သံဓာတ်ချို့တဲ့ခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သံဓာတ်ကြွယ်ဝတဲ့အသားများကို များများစားသုံးပေးသင့်ပါတယ်။

သစ်ကြားသီး

ဆော်လမွန်ငါးကဲ့သို့ပဲ သစ်ကြားသီးမှာလည်း အိုမီဂါသရီး ဖက်တိအက်ဆစ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ဆံကေသာ ကျန်းမာသန်စွမ်းပြီး ဦးရေပြား ကျန်းမာဖို့အတွက် လိုအပ်တဲ့ဖက်တိအက်ဆစ်များကို သင့်ခန္ဓာကိုယ်က မထုတ်လွှတ်နိုင်တဲ့အတွက်ကြောင့် ထိုအစားအစာများမှပဲ အာဟာရဓာတ်များ ရယူနေရတာဖြစ်ပါတယ်။

Source: Bustle.com