ဟင်းခတ်အမွှေးအကြိုင်ကို ဈေးဝယ်ထွက်ပြီဆိုတာနဲ့ သင်အမြဲမမေ့မလျော့ပဲ ဝယ်ရမယ့်ပစ္စည်းစာရင်းထဲမှာ နနွင်းကအမြဲပါနေပါတယ်။ ဟင်းလျာတွေအတွက်သာမဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်သည့် နနွင်းသည် အစာခြေစနစ်ကောင်းမွန်စေခြင်း၊ အရိုးအဆစ်နာကျင်မှုကို သက်သာစေခြင်း၊ သွေးလည်ပတ်မှုကောင်းစေခြင်း၊ သွေးပိတ်မှုကိုကာကွယ်ပေးခြင်း၊ မှတ်ဉာဏ်ကောင်းစေခြင်း စသဖြင့် များပြားလှတဲ့ ကောင်းကျိုးတွေကိုပါ ပေးစွမ်းနိုင်ပါတယ်။

အဓိကအကောင်းဆုံးကတော့ အသားအရေအတွက်ပါပဲ။ အသားအရေထိန်းသိမ်းမှုပါဝင်ပစ္စည်းတစ်ခုအနေဖြင့် နနွင်းကိုအသုံးပြုလာခဲ့ကြတာ ရာစုနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပါပြီ။ ဒါကြောင့် နနွင်းက အသားအရေအတွက် ဘယ်လိုကောင်းကျိုးတွေကို ပေးစွမ်းနိုင်သလဲဆိုတာကို မသိရှိသေးတဲ့စာဖတ်သူတွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်။

၁။ ဝက်ခြံပျောက်ကင်းစေခြင်း

Antioxidant နှင့် anti-inflammatory အစွမ်းသတ္တိများပါဝင်လို့ ဝက်ခြံလက္ခဏာတွေကို လျော့ချပေးနိုင်ပါတယ်။ အဆီကိုလည်းထိန်းချုပ်ပေးနိုင်လို့ ဝက်ခြံထွက်တာကိုသက်သာစေမှာပါ။

နနွင်းနှင့်ပျားရည်တို့ကို အချိုးအစားညီမျှစွာပေါင်းစပ်ပြီး ဝက်ခြံပေါက်နေတဲ့နေရာပေါ်မှာ လိမ်းပေးပါ။ တညထားပြီး မနက်ရောက်တဲ့အခါ ရေအေးနဲ့ဆေးချပေးနိုင်ပါတယ်။ တနေ့လျှင်တကြိမ် မှန်မှန်လုပ်ပေးပါ။

၂။ အဆီပြန်မှုကိုထိန်းချုပ်ပေးခြင်း

အဆီအလွန်အကျွံထွက်ခြင်းက ဝက်ခြံ၊ ဆားဝက်ခြံနှင့် အသားအရေယားယံခြင်းပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ နနွင်းတွင်ပါဝင်တဲ့ fatty acids နှင့် phytosterols တို့ကို အဆီထွက်တာကို လျော့ပါးစေပါတယ်။

နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ကို ဒိန်ချဉ်၊ သံပယိုရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီတို့ဖြင့် ပေါင်းစပ်ပြီး မျက်နှာပေါ်ညီညာစွာလိမ်းပေးပါ။ နာရီဝက်ခန့်ထားရှိပြီးနောက် ရေနွေးနွေးလေးနဲ့ဆေးချပေးပါ။ တပတ်လျှင် နှစ်ကြိမ်ပြုလုပ်ပေးပါ။

၃။ နေလောင်ဒဏ်မှကာကွယ်ပေးခြင်း

ခရမ်းလွန်ရောင်ခြည်များနှင့် ထိတွေ့မှုကြောင့် အသားအရေတွေ မည်းညစ်ခြောက်သွေ့မှုကို နနွင်းကကာကွယ်ပေးနိုင်ပါတယ်။

နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ကို နွားနို့အစိမ်း၊ သံပယိုရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီတို့ဖြင့် ပေါင်းစပ်ပြီး နေလောင်ထားသည့်နေရာတဝိုက်တွင်လိမ်းပြီး ခြောက်သွားသည့်အခါ ရေအေးနှင့်ဆေးကြောပစ်ပါ။ တနေ့လျှင်တကြိမ်မှန်မှန်လုပ်ဖို့လိုအပ်ပါတယ်။

၄။ အနာကျက်စေခြင်း

နနွင်း၏ anti-inflammatory နှင့် antibacterial ဓာတ်သတ္တိတွေက အနာကျက်စေရန်ကူညီပေးပြီး ရောဂါပိုးကူးစက်မှုကိုလည်း ကာကွယ်ပေးပါတယ်။

လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့် နနွင်းအမှုန့်ကို အုန်းဆီအတန်ငယ်နှင့်ပေါင်းစပ်ပြီး အနာပေါ်သို့ တနေ့လျှင် နှစ်ကြိမ်မှသုံးကြိမ်လိမ်းပေးပါက နာကျင်မှုကိုသက်သာစေမှာဖြစ်ပါတယ်။

၅။ အသားအရေပျော့တွဲမှုကို နှေးကွေးစေခြင်း

အမည်းစက်များ၊ အရေးအကြောင်းများ၊ ပါးရေနားရေတို့ကဲ့သို့ အသားအရေပြဿနာတွေကို နနွင်းကကူညီပေးနိုင်ပါတယ်။

နနွင်းမှုန့်စစ်စစ် အနည်းငယ်ကို ဒိန်ချဉ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနှင့်ရောစပ်ကာ အရေးအကြောင်းများ၊ ပါးရေနားရေတို့ဖြစ်နေသည့် နေရာတွင်လိမ်းပေးပါ။ မိနစ်နှစ်ဆယ်ကြာထားရှိပြီးနောက် ရေနှင့်ဆေးချပေးပါ။ တပတ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ လုပ်ပေးရန်လိုအပ်ပါတယ်။

၆။ နှင်းခူနာကုသပေးခြင်း

နှင်းခူနာကဲ့သို့ အသားအရေခြောက်သွေ့၊ နီရဲ၊ ယားယံသည့် ပြဿနာတွေကို နနွင်းကအလွန်အသုံးဝင်ပါတယ်။

နနွင်းလက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်ကို နွားနို့အနည်းငယ်နှင့် ရောစပ်ပြီး ရောဂါဖြစ်ပေါ်နေသည့်နေရာများတွင်လိမ်းပြီးနောက် ခြောက်သွားသည့်အခါ ရေအေးဖြင့်ဆေးပေးပါ။ တနေ့နှစ်ကြိမ်လုပ်ပေးရပါမယ်။

၇။ အနီပိမ့်ကဲ့သို့ အရေပြားရောဂါကိုသက်သာစေခြင်း

ယားယံခြင်း၊ နီရဲခြင်း၊ နာကျင်ခြင်း၊ ရောင်ရမ်းခြင်းတို့ကဲ့သို့ အသားအရေပြဿနာတွေကို နနွင်းကကုသပေးနိုင်ပါတယ်။

ရေသင့်တင့်ရုံမျှနှင့် နနွင်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်းဖြင့် ပျစ်နှစ်အောင်ရောစပ်ပြီး ရောဂါဖြစ်ပေါ်နေသည့်နေရာအပေါ်မှာ လိမ်းခြယ်ပေးကာ ပိတ်ကျဲအုပ်ပြီး တစ်ညထားပေးပါ။ မနက်ရောက်သည်နှင့် ပိတ်ကျဲကိုဖယ်လိုက်ပြီး ကြက်သီးနွေးထရုံရေဖြင့် ဆေးပေးနိုင်ပါပြီ။ နေ့စဉ်လုပ်ဖို့လိုအပ်ပါတယ်။

၈။ အသားအရေအရောင်ကို ဝင်းလက်စေခြင်း

Antioxidant တွေအများအပြားပါဝင်လို့ အသားအရေအရောင်ကို သဘာဝအတိုင်းဝင်းလက်လာစေကာ အမည်းစက်တွေကိုလည်း မှေးမှိန်သွားစေပါတယ်။

ပန်းကန်လုံးထဲသို့ နနွင်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်၊ ပျားရည်၊ နွားနို့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီတို့ကိုထည့်ကာ ပျစ်လာသည်အထိသမအောင်မွှေကာ မျက်နှာနှင့်လည်ပင်းတဝိုက်တွင်လိမ်းပေးပါ။ ၂၅ မိနစ်ခန့်ကြာပြီးနောက် ရေဖြင့်ဆေးကြောသန့်စင်ပါ။ တပတ်လျှင် ၃ ကြိမ် သို့မဟုတ် ၄ ကြိမ်လုပ်ပေးဖို့ လိုအပ်ပါတယ်။