“အေးသောနေရာတွင် ထားရန်” ဆိုတဲ့ အညွှန်းကို မြင်တိုင်း ရေခဲသေတ္တာထဲပဲ ချက်ချင်းတန်းထည့်လိုက်ပြီလား။ တကယ်တော့ ဝယ်လာသမျှအစားအစာတိုင်းကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားစရာ မလိုပါဘူး။

ဘယ်လိုအစားအစာတွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းစရာ မလိုသလဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

ငရုတ်ပွ

ငရုတ်ပွများကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားတဲ့အခါ သူတို့ရဲ့အရသာနဲ့ လတ်ဆတ်မှုကို ဆုံးရှုံးသွားစေပါတယ်။

အပူပိုင်းဒေသထွက် သစ်သီးများ

ငှက်ပျောသီး၊ သရက်သီး၊ သင်္ဘောသီးနှင့် အခြားအပူပိုင်းဒေသထွက် သစ်သီးများကို အခန်းအပူချိန်အတိုင်းပဲ သိမ်းထားသင့်ပါတယ်။ အေးတဲ့အပူချိန်က သစ်သီးတွေရဲ့အသွင်အပြင်နှင့် အရသာကို ပျက်စီးသွားစေပါတယ်။

ဆော့စ်များ

ဆော့စ်များကို ပါကင်ဖွင့်ပြီးသွားရင်လည်း ထမင်းစားပွဲပေါ်မှာ (သို့) စင်ပေါ်မှာပဲ ထားထားသင့်ပါတယ်။ ရေခဲသေတ္တာထဲမှာ သိမ်းထားရင်လည်း ဘာမှထူးလာမှာမဟုတ်ပါဘူး။

ချောကလက်

ချောကလက်ကို ရေခဲသေတ္တာထဲ သိမ်းဆည်းပါက ရေခဲသေတ္တာထဲရှိ အခြားအစားအစာများရဲ့ အနံ့နဲ့ အစိုဓာတ်များကို ချောကလက်က စုပ်ယူသွားပြီး သင့်ချောကလက်က ဖြူဖြူကြီးဖြစ်သွားတာကြောင့် စားချင်စဖွယ်မကောင်းတော့ပါဘူး။

ထောပတ်

နို့ထွက်ပစ္စည်းများကို အခန်းအပူချိန်မှာပဲ ထားထားခြင်းက ထိုအစားအစာကို အလျင်အမြန်ပျက်စီးသွားစေတာကြောင့် နို့ထွက်ပစ္စည်းများကို ရေခဲသေတ္တာထဲတွင်သာ သိမ်းထားသင့်ပါတယ်။ ဒါပေမဲ့ ထောပတ်ကိုတော့ ခြွင်းချက်အနေနဲ့ ရေခဲသေတ္တာထဲ မထည့်ထားသင့်ပါဘူး။

ဘာ့ကြောင့်လဲဆိုတော့ ထောပတ်မှာ အဆီဓာတ် ၈၀ ရာခိုင်နှုန်းခန့်ပါဝင်ပြီး မြင့်မားတဲ့ အဆီဓာတ်က ရေခဲသေတ္တာထဲက နည်းပါးတဲ့ရေဓာတ်နဲ့ ထိတွေ့လိုက်တဲ့အခါ ဘက်တီးရီးယား ပေါက်ဖွားမှုကို အားပေးရာ ရောက်လို့ပါပဲ။

ပေါင်မုန့်

ပေါင်မုန့်များကို ရေခဲသေတ္တာထဲ ထည့်သိမ်းခြင်းက ပေါင်မုန့်ကို မာကြောခြောက်သွေ့သွားစေတာကြောင့် ကြောင်အိမ် (သို့) သင့်တော်ရာတစ်နေရာရာမှာသာ ထားသင့်ပါတယ်။

မြေပဲထောပတ်နှင့် Nutella

မြေပဲထောပတ်နှင့် Nutella များကိုလည်း ရေခဲသေတ္တာထဲ ထည့်သိမ်းထားခြင်းက အစားအစာကို မာကြောသွားစေပြီး ပေါင်မုန့်နဲ့ သုတ်စားတဲ့အခါ ခက်ခဲသွားတတ်ပါတယ်။

ကြက်သွန်ဖြူ

အလင်းရောင်နဲ့ အစိုဓာတ်က ကြက်သွန်ဖြူရဲ့အဓိကရန်သူတွေပဲဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ထိုနှစ်မျိုးက ကြက်သွန်ဖြူ မှိုတက်ရခြင်းရဲ့တရားခံတွေဖြစ်လို့ပါ။ ကြက်သွန်ဖြူကို ကြာရှည်အထားခံချင်တယ်ဆိုရင် မှောင်ပြီး လေဝင်လေထွက်ကောင်းသော နေရာတွင် သိမ်းထားရပါမယ်။

ဆားရေစိမ် တို့စရာများ

ဆားရေစိမ်ထားသော ပုလင်းများကိုလည်း အခန်းအပူချိန်မှာပဲ သိမ်းထားရင် လုံလောက်ပါပြီ။ အေးအေးလေး စားချင်တယ်ဆိုမှသာ ရေခဲသေတ္တာထဲ ခဏ ထည့်ထားနိုင်ပါတယ်။

Source: Brightside.me