မော်ဒန်ပန်းချီဆရာများက သူတို့မျက်စိရှေ့မှာ မြင်တွေ့နေရတဲ့ အရာဝတ္ထုတိုင်းကို လက်ရာမြောက် ပန်းချီကာတစ်ချပ်အဖြစ် ပြောင်းလဲတတ်ကြပါတယ်။ Anna Chojnicka ဆိုတဲ့ မိန်းကလေးကလည်းပဲ အနုပညာပါရမီရှိတဲ့ ပန်းချီဆရာမတစ်ယောက်ပီပီ ငှက်ပျောသီးအခွံပေါ်မှာ ပန်းချီရေးဆွဲနိုင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

သူ(မ) ရေးဆွဲခဲ့တဲ့ ငှက်ပျောသီးပန်းချီများကို အင်တာဂရမ်နဲ့ တွစ်တ်တာပေါ်မှာ တင်လိုက်တဲ့အခါမှာတော့ လူအများရဲ့အားပေးချီးကျူးမှုကို ခံခဲ့ရပါတယ်။

အန်နာတစ်ယောက် ငှက်ပျောသီးပေါ်မှာ ပန်းချီရေးဆွဲဖို့ ဘယ်လိုအိုင်ဒီယာ ရခဲ့သလဲ။ ငှက်ပျောသီးပေါ်မှာ မှင်ရည်နဲ့ ဆေးရောင်စုံအသုံးမပြုဘဲ လက်ရာမြောက်သောပန်းချီများ ဘယ်လိုဖန်တီးခဲ့လဲဆိုတာကို စာဖတ်သူတို့အတွက် ဝေမျှပေးလိုက်ရပါတယ်။

ငှက်ပျောသီးများကို တမင်မဲအောင် ပြုလုပ်ခြင်း

သူ့ပန်းချီလက်ရာတွေထမြှာ မှင်နှင့် ဆေးရောင်စုံများ အသုံးပြုမယ့်အစား ငှက်ပျောသီးအခွံကို နာအောင် ပြုလုပ်ပြီး ပန်းချီဖန်တီးတာပဲဖြစ်ပါတယ်။

ငှက်ပျောသီးကို အပြစ်အနာကြောင့် မဲသွားအောင် ဘယ်လိုပြုလုပ်လဲဆိုရင်

သူ(မ) က ချွန်ထက်သောအရာအသုံးပြုညပီး ငှက်ပျောသီးအခွံပေါ်မှာ အမှတ်အသားများ ချန်ထားခဲ့တာပဲဖြစ်ပါတယ်။ ငှက်ပျောသီးအခွံကို ဖောက်ထွင်းလိုက်တာမျိုးမဟုတ်ပဲ ခပ်ဖွဖွလေး ဖိလိုက်တာလို့ အန်နာက အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ ဖိတဲ့အကြိမ်ရေ များလာလေ ငှက်ပျောသီးက မဲလာလေပါပဲ။

မတူညီတဲ့ ပန်းချီများကို ဖန်တီးဖို့အတွက် အရင်ဦးဆုံး ပိုမဲချင်တဲ့အပိုင်းကို အရင်ဦးဆုံး ဖိဆွဲပေးပြီး အမဲဖျော့လေးကိုတော့ တဖြည်းဖြည်းချင်းစီ ဖိပေးလိုက်တာပဲဖြစ်ပါတယ်။

သူ(မ) အိုင်ဒီယာ ရရှိလာပုံ

အန်နာတစ်ယောက် ၂၀၂၀ ခုနှစ် မတ်လမှာ နာမကျန်းဖြစ်လာတာကြောင့် အိမ်မှာပဲနေခဲ့ရပါတယ်။ မတ်လ ဒုတိယအပတ်မှာတော့ တစ်ယောက်တည်း သီးခြားနေရတာကို သူ(မ) ပျင်းရိငြီးငွေ့လာပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ နေ့လည်စာ စားပြီးတဲ့အချိန်မှာ ခက်ရင်းကို အသုံးပြုပြီး ငှက်ပျောသီးအခွံပေါ်မှာ ဟိုခြစ် ဒီခြစ်နဲ့ ပုံရေးဆွဲခဲ့ပါတယ်။

သူ(မ) သတိထားမိလိုက်တာက သူ(မ) ရေးခြစ်လိုက်တဲ့နေရာကို အချိန်ကြာကြာထားလေ ငှက်ပျောသီးအခွံက ပိုမဲသွားလေဆိုတာပါပဲ။ ဒီလိုနဲ့ပဲ ငှက်ပျောသီးအခွံပေါ်မှာ ပန်းချီရေးဆွဲဖို့ အကြံဉာဏ်ရရှိခဲ့တာပဲဖြစ်ပါတယ်။

ပန်းချီရေးဆွဲရန် အိုင်ဒီယာကောင်းများကို နေရာပေါင်းစုံမှ မှီငြမ်းခြင်း

သူ(မ)က ကာတွန်းကားများ၊ ကမ္ဘာကျော်အဆိုတော်များ၊ သီချင်းများ၊ ဇာတ်ကားများ၊ ပွဲတော်များ စသည်ဖြင့် မတူညီတဲ့ ရှုထောင့်မျိုးစုံကို မှီငြမ်းပြီး လက်ရာမြောက်ပန်းချီများ ဖန်တီးပုံဖော်တာပဲဖြစ်ပါတယ်။

သူ(မ)အတွက် အခက်ခဲဆုံးအရာ

ထိုကဲ့သို့ ငှက်ပျောသီးပေါ်မှာ ပန်းချီရေးဆွဲရာတွင် သူ(မ)အတွက် အခက်ခဲဆုံးအရာကတော့ အချိန်ကိုက်အောင် စောင့်ရခြင်းပဲဖြစ်ပါတယ်။ အမှားတစ်ခုခု ပြုလုပ်မိပါကလည်း ပြန်ဖျက်လို့မရတာကြောင့် တိကျမှန်ကန်ဖို့က အရေးကြီးဆုံးပဲဖြစ်တယ်လို့ အန်နာက ပြောကြားခဲ့ပါတယ်။

ငှက်ပျောသီးပေါ်မှာ ပန်းချီရေးဆွဲပြီးသွားရင် သူ(မ) ဘာလုပ်လိုက်လဲ

သူ(မ)က ပန်းချီရေးဆွဲပြီးသွားရင် ထိုပုံကို ဓာတ်ပုံရိုက်လိုက်ပါတယ်။ ဓာတ်ပုံရိုက်ပြီးတဲ့အခါ ထိုငှက်ပျောသီးကို ချက်ချင်းစားရင်စား မစားချင်ရင် ရက်အနည်းငယ်ကြာ သိမ်းထားပြီးတဲ့အခါ အရသာရှိအောင် ပုံသဏ္ဍာန်မျိုးစုံ လုပ်စားလေ့ရှိပါတယ်။ သူ(မ)က အစားအစာများ အလဟဿပြုန်းတီးသွားမှာကိုလည်း မလိုလားဘူးလို့ ဝေမျှထားခဲ့ပါသေးတယ်။

စာဖတ်သူတို့မှာရော ဘယ်လိုထူးခြားတဲ့ ဝါသနာတွေ ပိုင်ဆိုင်ထားသလဲဆိုတာကို ဝေမျှပေးခဲ့ပါဦး။

Source: Brightside.me