သင် နေ့စဉ်စားသုံးနေတဲ့အစားအစာတွေက သင့်ကျန်းမာရေးကို ရာနှုန်းပြည့်အထောက်အပံ့ပေးနိုင်တယ်လို့ ယုံကြည်ပါသလား။

ပေါင်မုန့်စားတဲ့အခါ ညှပ်စားလေ့ရှိတဲ့ ချိစ်၊ ဆော့စ်နဲ့ အခြားသော အစားအစာတွေက သင့်ရဲ့အစာအိမ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါက ဘာ့ကြောင့်လဲဆိုတော့ ထိုအစားအစာတွေက အက်ဆစ်ဓာတ်လွန်ကဲနေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

အက်ဆစ်ဓာတ်လွန်ကဲတဲ့အစားအစာများကို စားသုံးခြင်းကြောင့် ရင်ပူခြင်း၊ ဗိုက်အောင့်ခြင်း၊ မအီမသာဖြစ်ခြင်း စတဲ့ ကျန်းမာရေးပြဿနာများကို ခံစားရနိုင်ပါတယ်။

အက်ဆစ်ဓာတ်များပြားတဲ့အစားအစာတွေက ဘယ်လိုအစားအစာတွေဖြစ်မလဲ

လူသားများနေ့စဉ်စားသုံးနေတဲ့အစားအစာများ၊ ဖျော်ရည်တိုင်းမှာ pH ပမာဏတွေ ပါဝင်ပါတယ်။ pH ပမာဏ ၁ ကနေ ၁၄ အထိ တိုင်းတာချက်များအရ pH ပမာဏ ၇ အောက်နည်းတဲ့ အစားအစာတွေက အက်စစ်ဓာတ်လွန်ကဲတဲ့အစားအစာတွေလို့ သတ်မှတ်ထားကြပါတယ်။

စပ်သော အစားအစာများနှင့် ဆော့စ်အချဉ်ရည်များ

ငရုတ်ဆော့စ်ရဲ့ pH ပမာဏကတော့ ၂.၈ ကနေ ၃.၇ အထိပဲရှိတာကြောင့် စားသုံးမိတာနဲ့ သင့်ရဲ့အစာအိမ်ကို ဒုက္ခပေးမှာပဲဖြစ်ပါတယ်။

ကာဖိန်းဓာတ်ပါဝင်သော ဖျော်ရည်များ

ကော်ဖီတစ်ခွက်မှာ pH ပမာဏ ၄ အထိရှိပါတယ်။ Black Tea မှာတော့ pH ၄.၉ ကနေ ၅.၅ အထိရှိပြီး Green Tea မှာတော့ pH 7 ကနေ 10 အထိရှိပါတယ်။ စွမ်းအားဖြည့်အချိုရည်တွေမှာတော့ pH 3.4 အထိပဲရှိပါတယ်။ ဒါ့ကြောင့် ထိုဖျော်ရည်များ သောက်သုံးခြင်းကို တတ်နိုင်သမျှလျော့ချသင့်ပါတယ်။

အချဉ်ဓာတ် ကြွယ်ဝသော သစ်သီးနှင့် ဖျော်ရည်များ

သံပုယိုသီးမှာတော့ pH 2.2 ကနေ 2.4 အထိရှိပြီး Grapefruit သီးမှာတော့ pH 3 မှ 3.7 ကြား၊ လိမ္မော်သီးမှာတော့ pH 3 နဲ့ 4 ကြား အသီးသီးရှိပါတယ်။ ရင်ပူခြင်းနဲ့ မအီမသာဖြစ်ခြင်းမှ ကင်းဝေးလိုတယ်ဆိုရင်တော့ အချဉ်ဓာတ်ကြွယ်ဝတဲ့သစ်သီးများကို ရှောင်ကြဉ်သင့်ပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာတော့ pH ပမာဏ 4.3 နဲ့ 4.9 ကြား၊ ခရမ်းချဉ်သီးဖျော်ရည်မှာတော့ 4.1 နဲ့ 4.6 ကြားရှိပါတယ်။ ခရမ်းချဉ်သီးအနှစ်မှာတော့ 4.3 နဲ့ 4.5 ကြားရှိပါတယ်။

အယ်လ်ကိုဟောပါဝင်သော ယမကာဖျော်ရည်များ

ယမကာဖျော်ရည်နဲ့ ဝိုင်တွေထဲမှာတော့ pH ပမာဏ 2.5 နဲ့ 4.5 ကြားသာ ရှိတာကြောင့် များများသောက်သုံးမိမယ်ဆိုရင်တော့ အစာအိမ်အချဉ်ပေါက်ခြင်းကို ကြုံတွေ့ခံစားရနိုင်ပါတယ်။

အစားထိုးစားသုံးသင့်သော အစားအစာများ

အထက်ပါဖော်ပြခဲ့သော အစားအစာများ စားသုံးမယ့်အစား ကညွှတ်၊ သကြားမုန်လာ၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ မုန်လာဥနီ၊ တရုတ်နံနံ၊ ဂေါ်ဖီထုပ်၊ ခရမ်းသီး၊ ကိုက်လန်၊ ကြက်သွန်မြိတ်၊ မှို၊ ပဲအမျိုးမျိုး၊ ငရုတ်ပွ၊ အာလူး၊ ရွှေဖရုံသီး၊ မုန်လာဥဖြူ၊ ဟင်းနုနွယ်၊ ကန်စွန်းဥ၊ ဖရဲသီး၊ ငှက်ပျောသီး၊ ကြက်သား၊ ငါးနှင့် ကြက်ဥအကာ စတဲ့အစားအစာများကို စားသုံးပေးနိုင်ပါတယ်။

Source: Brightside.me