ကျန်းမာရေးကောင်းမွန်ပြီး သက်ရှည်ကျန်းမာစွာနေထိုင်နိုင်ဖို့ရန်အတွက် အာဟာရပြည့်ဝစွာ စားသုံးဖို့ လိုအပ်ပါတယ်။ ဘယ်လောက်ပဲ အလုပ်မအားလို့ အလုပ်ရှုပ်နေပါစေ မနက်စာ၊ နေ့လည်စာ၊ ညစာ ဆိုပြီး တစ်နေ့ကို အနည်းဆုံး သုံးနပ်ခန့် ထမင်းပုံမှန်စားသုံးသင့်ပါတယ်။

အစားအသောက်ရွေးချယ်တဲ့နေရာမှာလည်း အဆီအဆိမ့်များလွန်းတဲ့ အစားအစာများ၊ အငန်ဓာတ်များလွန်းသော အစားအစာများ၊ ချိုရဲလွန်းသော အစားအစာများကို စားသုံးမယ့်အစား ပရိုတင်းဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်ပေါကြွယ်ဝပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာများကို ရွေးချယ်စားသုံးသင့်ပါတယ်။

အသားငါး ရွေးချယ် ဝယ်ယူတဲ့အခါမှာလည်း အသားရဲ့ အရောင်က အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါသေးတယ်။ များသောအားဖြင့် ကြက်သား၊ ယုန်သား၊ နွားကလေးသား၊ သိုးသား စတဲ့အသားတွေက ဖြူဖျော့ဖျော့အရောင်ရှိတဲ့ အသားတွေပဲဖြစ်ပါတယ်။

ဒီလိုဖြူဖျော့ဖျော့အရောင်အဆင်းရှိတဲ့ အသားများကို ရွေးချယ်စားသုံးတဲ့အခါ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးရရှိနိုင်သလဲဆိုတာကို သင် သိပါသလား။

အရိုးများကို ကျန်းမာကြံ့ခိုင်စေခြင်း

ခန္ဓာကိုယ်ရှိအရိုးများ အားနည်းခြင်း၊ အရိုးပွခြင်း စတဲ့ အရိုးနဲ့ ပတ်သက်တဲ့ ရောဂါများ မခံစားချင်ဘူးဆိုရင် သင့် ခန္ဓာကိုယ်က ကယ်လ်စီယမ်နဲ့ ပရိုတင်းဓာတ်များ ရရှိဖို့လိုအပ်ပါတယ်။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့အသားကတော့ ကြက်သားပဲဖြစ်ပါတယ်။ ကြက်သားမှ ရရှိတဲ့ ပရိုတင်းဓာတ်ကို မှီဝဲမယ်ဆိုရင် အရိုးပွရောဂါ၊ အရိုးအဆစ်များ ရောင်ရမ်းနာကျင်ခြင်း စတဲ့ အခြေအနေများကို ကျော်ဖြတ်နိုင်မှာပဲဖြစ်ပါတယ်။ ထိုအဖြူရောင်အသားထဲမှာ ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်ဓာတ်အပြင် ဖော့စဖရပ်ဓာတ်လည်း ပါဝင်ပါသေးတယ်။ ထိုဖော့စဖရပ်က အရိုးကျန်းမာရေးအတွက်သာမက သွားကျန်းမာရေးအတွက်လည်း ကူညီထောက်ပံ့ပေးနိုင်ပါတယ်။

အရေပြားပြဿနာများ ဖြစ်ပွားခြင်းမှ တားဆီပေးခြင်း

ကြက်တောင်ပံ ဖုတ်

အဖြူရောင်အသားထဲမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဓာတ်လည်း ပါဝင်နေပါသေးတယ်။ ကြက်အသည်းထဲမှာ Riboflavin (သို့) ဗီတာမင် B2 တို့ ပါဝင်ပြီး ထိုဗီတာမင်ဓာတ်က လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးအမြောက်အမြားပေးစွမ်းပါတယ်။

ထိုဗီတာမင်ဓာတ်များက ဝက်ခြံ့ကဲ့သို့ အရေပြားယားယံခြင်း ပြဿနာများကို လျော့ချပေးတဲ့အပြင် ဆဲလ်သေများကို ဖယ်ရှားပေးကာ ဆဲလ်သစ်များ ပွားများလာအောင် အားပြန်ဖြည့်ပေးပါတယ်။ ဒါ့ကြောင့် တောက်ပကြည်လင်တဲ့အသားအရေ ပိုင်ချင်တယ်ဆိုရင် အဖြူရောင်အဆင်းသဏ္ဍာန်ရှိတဲ့အသားများကို ပုံမှန်စားသုံးသင့်ပါတယ်။

နှလုံးခုန်နှုန်း ကောင်းမွန်စေခြင်း

ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင် နှလုံးခုန်နှုန်းကလည်း ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ အဖြူရောင် အသားများကို စားသုံးခြင်းက သင့်ရဲ့ နှလုံးခုန်နှုန်းကို ကောင်းမွန်စေပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေကာ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

Source: carnivorehome.com