ဂျပန်စားသောက်ဆိုင်တွေမှာ ရတဲ့ ပုစွန်တန်ပူရာက ရွရွလေးလေးနဲ့ စိမ့်စိမ့်လေးနဲ့ စားလို့ကောင်းပါတယ်။
တခြားစားသောက်ဆိုင်တွေမှာ ကြော်တဲ့ တန်ပူရာကြော်တွေနဲ့ မတူပါဘူး။
၁၆ ရာစုနှစ်လောက်က တန်ပူရာဆိုတဲ့ အစားအစာကို ဒတ်ချ်တွေက ဂျပန်နိုင်ငံကိုယူဆောင်လာတာဖြစ်ပြီး အခုဆိုရင် ဂျပန်မှာဆိုရင် ဂန္တဝင် အစားအစာတစ်ခုတောင်ဖြစ်နေပါပြီ။
ပါဝင်ပစ္စည်းများ
- ပုစွန် ၅ ကောင်
- ကြိတ်ထားတဲ့ ဂျင်း ၂ ဂရမ် (မထည့်လည်းရပါတယ်)
- အကြော်မှုန့် ¼ Cup
- သံလွင်ဆီ ၁ လီတာ
- မုန်လာဥ အမှုန့် ၄ ဂရမ် (မထည့်လည်း ရပါတယ်)
အကြော်မှုန့်စပ်ဖို့
- ဂျုံမှုန့် (Cake Flour) ½ Cup
- ပြောင်းဖူးမှုန့် (Cornstarch) ½ Cup
- ဘဲဥအကာချည်း ၁ လုံး
- ရေခဲရေ 120 ml
- ရေခဲတုံး အနည်းငယ်
တန်ပူရာ ဆော့စ် လုပ်ဖို့
- ဂျပန် ပဲငံပြာရည် ¼ Cup
- အဖြူရောင် သကြား စားပွဲတင်ဇွန်း ၁ဇွန်း
- Dashi Powder လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
- (Dashi Powder က ငါးကနေ ထုတ်ထားတာပါ။ ဂျပန်ဟင်းလျာတွေချက်ပြုတ်ရာမှာ အသုံးပြုပါတယ်။)
- ဆန်အရက် (Mirin) စားပွဲတင်ဇွန်း ၁ ဇွန်း၊ ရေ စားပွဲတင်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်
ပြုလုပ်နည်း
အဆင့် ၁
ပုစွန်ကို ခေါင်းတွေ၊ အခွံတွေခွာပြီး အမြီးလေးဘဲ ချန်ခဲ့ပါ။
အဆင့် ၂
ဓားနဲ့ ပုစွန်ရဲ့ ခါးနားက အမည်းရောင် လမ်းကြောင်းကို ဖယ်ထုတ်ပါ။ အမြီးထိပ်တွေကို လှီးဖြတ်လိုက်ပါ။
အဆင့် ၃
ပုစွန်ရဲ့ ဗိုက်နားကို ဓားနဲ့ တစ်စောင်းလှီးလိုက်ပါ။ ပုစွန်ကို မပြတ်အောင် သတိထားပြီး ကွေးနေတာကို ဆန့်လိုက်ပါ။
အဆင့် ၄
အကြော်မှုန့်ကို ပြင်ဆင်မယ့် အဆင့်ပါ။ ပြောင်းဖူးမှုန့်၊ ဂျုံမှုန့်ရယ်ကို ခွက်တစ်ခွက်ထဲထည့်ပြီး မွှေပါ။ ပြီးရင် ဘဲဥအကာ ထည့်ပါ။ ရေ ၁၂၀ ml ထည့်ပါ။
အဆင့် ၄ (ခ)
ညင်သာစွာ မွှေပါ။ ပျစ်ပျစ်လေးဖြစ်သွားတဲ့အထိ မွှေပါ။ ရေခဲတွေကို ထည့်ပြီး အကြော်မှုန့်ကို အေးသွားတဲ့အထိ မွှေပါ။
အဆင့် ၅
ပုစွန်ကို ခုနက စပ်ထားတဲ့ အကြော်မှုန့်နဲ့ ၂ ဖက်လုံး ညီမျှအောင် တို့ပါ။ မုန်လာဥနီအမှုန့်နဲ့ ထပ်တို့ပေးချင်လည်း ရပါတယ်။ မဖြစ်မနေတော့မလိုပါ။
အဆင့် ၆
ဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ။ သံလွင်ဆီမရှိရင် ဟင်းရွက်ဆီတို့လည်း အသုံးပြုလို့ရပါတယ်။
ဆီက ပူလာပြီဆိုရင် ဒယ်အိုးထဲထည့်ပြီး တစ်ခုစီ ကြော်ပါ။
အဆင့် ၆ (ခ)
ပုစွန်ကို ဟိုဘက်လှည့်၊ ဒီဘက်လှည့်လုပ်ပေးပါ။ တူနဲ့ ပြန်ဆယ်လိုက်ပါ။ ပန်းကန်ပေါ်မှာ တစ်ရှူးခံပြီးနောက် ဆယ်ထားတဲ့ ပုစွန်တွေကို တင်လိုက်ပါ။
ပိုနေတဲ့ ကြော်တဲ့အနှစ်တွေကို တခြား ဟင်းသီးဟင်းရွက်တွေကို နယ်ပြီးလည်း ထည့်ကြော်လို့ရပါတယ်။
အဆင့် ၇ ဆော့စ် စပ်ခြင်း
ပဲငံပြာရည်၊ ဆန်အရက် (Mirin) နဲ့ သကြားတို့ကို ပန်းကန်တစ်လုံးထဲထည့်ပြီး မွှေပါ။ ပြီးရင် Dashi Powder ကိုထည့်ပြီး မွှေပါ။ အရသာအရမ်းပြင်းနေရင် ရေထည့်ပါ။
ဆော့စ်လည်း အဆင့်သင့်ဖြစ်ပြီဆိုတော့ အရသာရှိတဲ့ ပုစွန်တန်ပူရာကို စားသုံးလို့ရပါပြီနော်။
Source: www.fabhow.com