အစာရှောင်ခြင်း အစပြုခဲ့ပုံကတော့ ဘာသာရေးအယူအဆတွေကြောင့်ပဲဖြစ်ပါတယ်။ ဥပုသ်စောင့်ရင်း အစာရှောင်လာရာကနေ ယနေ့ခေတ်မှာတော့ ကိုယ်အလေးချိန်ကျဖို့အတွက် အစာရှောင်လာကြပါတယ်။

တစ်ရက်၊ နှစ်ရက်လောက် အစာရှောင်တာက ပြဿနာမရှိနိုင်ပေမယ့် ရက်အတော်ကြာအောင် အစာရှောင်ခြင်းကတော့ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ပါတယ်။ ကလေးငယ်လေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်များနဲ့ ကိုယ်ခံအားနည်းသူများအနေနဲ့ အစာရှောင်ခြင်းကိစ္စရပ်ကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

ယနေ့ခေတ်မှာ ကိုယ်အလေးချိန်လျော့ချချင်သူတွေကြားမှာ ခေတ်စားနေတဲ့ အစာရှောင်နည်းလေးတွေကတော့…

ဖျော်ရည်သောက်သုံးပြီး အစာရှောင်ခြင်း

သတ်မှတ်ထားတဲ့ရက်အတွင်းမှာ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်ဖျော်ရည်ပဲ သောက်သုံးတဲ့နည်းလမ်းပဲဖြစ်ပါတယ်။ တစ်ရက်ကနေ နှစ်ပတ်အထိ ကြာမြင့်နိုင်ပါတယ်။ ထိုသတ်မှတ်ထားတဲ့ရက်မှာ မာတဲ့အစားအစာတွေကို လုံးဝမစားရဘဲ သစ်သီးဖျော်ရည် (သို့) ဟင်းသီးဟင်းရွက်ဖျော်ရည်တွေကိုသာ သောက်သုံးခြင်းပဲဖြစ်ပါတယ်။ ဒီအစားရှောင်နည်းကတော့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကိုယ်အလေးချိန်လျော့ချပေးမှာပဲ ဖြစ်ပါတယ်။

ရေဖြင့် အစာရှောင်ခြင်း

သတ်မှတ်ထားတဲ့ရက်ပိုင်းအတွင်းမှာ အစားအစာတွေ လုံးဝမစားဘဲ ရေပဲ သောက်သုံးတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ သို့သော် ဒီနည်းလမ်းကိုတော့ ဆရာဝန်ရဲ့ ခွင့်ပြုချက်ရမှသာ အသုံးပြုသင့်ပါတယ်။

အခုဖော်ပြပေးသွားတဲ့ နည်းလမ်းနှစ်မျိုးကတော့ ဝိတ်ကျချင်သူတွေကြားမှာ ရေပန်းစားတဲ့ ဝိတ်ချနည်းတွေပဲဖြစ်ပါတယ်။

သတိထားရမယ့် အချက်တစ်ခုကတော့ ဒီဝိတ်ချနည်းတွေကို အသုံးပြုပြီးနောက်မှာ အစားတွေ အလွန်အကျွံပြန်မစားမိဖို့ ထိန်းထားရပါမယ်။ ကျန်းမာရေးအားနည်းသောသူများ၊ ခွဲစိတ်မှုခံယူထားသောသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနဲ့ ကလေးငယ်များအနေနဲ့ အစာရှောင်ပြီး ဝိတ်ချခြင်းကို မပြုလုပ်သင့်ပါဘူး။

အစာရှောင်ဝိတ်ချခြင်းရဲ့ ကောင်းကျိုးများ

ဒီဝိတ်ချနည်းတွေက ရက်ပိုင်းအတွင်း ဝိတ်ကျမြန်စေတဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ထဲက အညစ်အကြေးနဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးတာကြောင့် အသားအရေ ကြည်လင်ဝင်းပလာမှာပဲဖြစ်ပါတယ်။

သွေးပေါင်ချိန် ထိန်းညှိပေးခြင်း၊ အစား အလွန်အကျွံစားချင်စိတ်ကို လျော့ချပေးခြင်း၊ အစာချေစနစ်ကောင်းမွန်စေခြင်း၊ သွေးတွင်းသကြားဓာတ်များနဲ့ ကိုလက်စတောများကို လျော့ချပေးခြင်း၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း စတဲ့ ကောင်းကျိုးများကို ခံစားရရှိနိုင်ပါတယ်။

ဆိုးကျိုးများကတော့…

အစာရှောင်နေစဉ်အတောအတွင်းမှာ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ပင်ပန်းနွမ်းနယ်နေခြင်း၊ အားနည်းခြင်း၊ ဝမ်းလျှောခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

Source: stylecraze.com