အခွံခွာပြီး လှီးဖြတ်တဲ့အခါ မျက်ရည်ကျတဲ့အထိ နှိပ်စက်တတ်တဲ့အပြင် စားပြီးတဲ့အခါမှာလည်း ခံတွင်းအနံ့ဆိုးစေတဲ့အတွက်ကြောင့် လူမုန်းများတဲ့ ကြက်သွန်နီက တကယ်တော့ ကျန်းမာရေးအတွက် ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။
ကြက်သွန်နီထဲမှာ အာဟာရဓာတ်များ မြင့်မားစွာပါဝင်ပြီး ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်စီဓာတ်၊ Selenium ၊ ဖောလိတ်နဲ့ အခြားသော Antioxidants များ ကြွယ်ဝစွာပါဝင်ပါတယ်။ အီဂျစ်လူမျိုးတွေက ၂၅၀၀ ဘီစီဝန်းကျင်ကတည်းက ကြက်သွန်နီကို အထွဋ်အမြတ်ထားခဲ့ကြတာပဲဖြစ်ပါတယ်။ ကြက်သွန်နီရဲ့ များပြားလှသော အလွှာများက အဆုံးအစမဲ့သော ဘဝကို ကိုယ်စားပြုတယ်လို့ သတ်မှတ်ခဲ့ကြတာပါ။
အီဂျစ်လူမျိုးများက ဘာ့ကြောင့် ဒီလိုသတ်မှတ်ထားခဲ့ကြတာလဲဆိုတော့ ကြက်သွန်နီက အသက်ရှည်ကျန်းမာစေတာကြောင့်ပဲဖြစ်ပါတယ်။
အခုဖော်ပြပေးမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကို သိရှိပြီးတဲ့နောက်မှာတော့ သင်လည်း ကြက်သွန်နီကို နေ့တိုင်းစားဖြစ်သွားပါလိမ့်မယ်။
ကင်ဆာရောဂါဖြစ်ပွားနှုန်းကို လျော့ချပေးခြင်း
ကြက်သွန်ထဲမှာပါဝင်တဲ့ Organosulfur ဒြပ်ပေါင်းတစ်မျိုးက စူးရှပြင်းပြတဲ့အနံ့ကို ထုတ်လွှတ်ပေးတာပါ။ ထိုဒြပ်ပေါင်းက အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ကင်ဆာရောဂါဖြစ်ပွားနှုန်းကို လျော့ချပေးနိုင်ပါတယ်။ ကြက်သွန်နီတစ်မျိုးတည်းကိုပဲ ထိုင်စားခိုင်းတာမဟုတ်ပါဘူး။ မိမိချက်တဲ့ဟင်းလျာထဲမှာ ကြက်သွန်နီများများ ထည့်ချက်ခြင်းအားဖြင့် ကြက်သွန်နီ နေ့တိုင်းစားဖြစ်အောင် ကြိုးစားလိုက်ပါ။
ဆီးချိုရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း
ဆီးချိုသမားတွေက သွေးတွင်းသကြားဓာတ် မြင့်မားနေတတ်ကြပါတယ်။ ထိုသွေးတွင်းသကြားဓာတ်များကို လျော့ချပေးဖို့အတွက် ကြက်သွန်နီက ကူညီပေးနိုင်ပါတယ်။
နှလုံးအားကောင်းစေခြင်း
ကြက်သွန်နီထဲမှာ Quercetin လို့ခေါ်တဲ့ Antioxidant တစ်မျိုး ကြွယ်ဝစွာပါဝင်ပါတယ်။ ထို Antioxidants က ပျက်စီးသွားတဲ့ ဆဲလ်များကို ပြန်လည်ပြုပြင်ပေးပြီး ဆဲလ်အသစ်ဖြစ်ပေါ်စေပါတယ်။ ကြက်သွန်နီ နေ့တိုင်း စားသုံးခြင်းအားဖြင့် နှလုံးသွေး လှည့်ပတ်မှုကောင်းအောင်၊ နှလုံးရောဂါ မခံစားရအောင် ကာကွယ်လိုက်ပါ။
ကိုယ်ခံစွမ်းအားမြင့်မားစေခြင်း
စောစောက ဖော်ပြပေးခဲ့တဲ့ Quercetin ဓာတ်က နှလုံးကျန်းမာရေးအတွက်တင် မဟုတ်ပါဘူး။ ကိုယ်ခံစွမ်းအားကောင်းမွန်အောင် ပြင်ပမှ ဝင်ရောက်လာတဲ့ ရောဂါပိုးမွှားများကို တိုက်ဖျက်ပေးနိုင်အောင် ကူညီပေးပါသေးတယ်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခြင်းနဲ့ စိတ်ခံစားချက်များကို ကောင်းမွန်စေခြင်း
အိပ်စက်ခြင်းနဲ့ စိတ်ခံစားချက် ကောင်းမွန်ခြင်းက တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတာပါ။ အိပ်ရေးပျက်ထားတဲ့သူတစ်ယောက်က တစ်နေကုန်လုံး ပင်ပန်းနွမ်းနယ်နေမှာဖြစ်ပြီး စိတ်တိုဒေါသထွက်လွယ်ပါတယ်။ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ဖို့နဲ့ မနက်မိုးလင်းတဲ့အခါ ကျန်းမာလန်းဆန်းနေဖို့အတွက် ကြက်သွန်နီကို နေ့တိုင်း စားသုံးပေးလိုက်ပါ။
Source: Nutritionexp.com