အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ အာလူးကို တောင်အမေရိကနိုင်ငံမှာ လွန်ခဲ့သော နှစ် ၁၀၀၀၀ ခန့်က စတင် စားသုံး လာခဲ့ကြတာဖြစ်ပါတယ်။ ထိုမှတဆင့် စပိန်လူမျိုးများက ၁၆ ရာစုခန့်တွင် အာလူးကို စတင် စားသုံးလာခဲ့ကြပါတယ်။

ထိုမှတဆင့် ကမ္ဘာနှင့်တစ်ဝှမ်းမှာ အာလူးကို အရသာရှိအောင် ပုံစံမျိုးစုံ ချက်ပြုတ်ကြော်လှော် စားသုံးလာခဲ့ကြပါတယ်။ ဒီလိုလူကြိုက်များတဲ့ အာလူးစားသုံးခြင်းကြောင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကို စာဖတ်သူတို့ရော သိရှိပြီးကြပါပြီလား။

မသိသေးဘူးဆိုရင်တော့ ဗဟုသုတအနေနဲ့ ဒီဆောင်းပါးလေးကို အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်။

အရိုးများကို ကျန်းမာကြံ့ခိုင်စေခြင်း

အာလူးထဲမှာ ပါဝင်တဲ့ သံဓာတ်၊ ကယ်လ်စီယမ်ဓာတ်၊ ဖော့စရပ်၊ မဂ္ဂနီစီယမ်နှင့် ဇင့်ဓာတ်တို့က ခန္ဓာကိုယ်ကို ကြီးထွားဖွံ့ဖြိုးစေပြီး အရိုးတွေကို သန်စွမ်းကြံ့ခိုင်စေပါတယ်။ ခန္ဓာကိုယ်ထဲတွင် ဖော့စရပ်နှင့် ကယ်လ်စီယမ်ဓာတ်တို့ များလွန်နေမယ် (သို့) နည်းလွန်းနေမယ်ဆိုရင်တော့ အရိုးပမာဏ ဆုံးရှုံးခြင်းနှင့် အရိုးပွရောဂါ ခံစားရခြင်းတို့ တွေ့ကြုံရနိုင်ပါတယ်။

နှလုံးအားကောင်းစေခြင်း

အာလူးရဲ့အမျှင်ဓာတ်၊ ပိုတက်စီယမ်ဓာတ်၊ ဗီတာမင်စီဓာတ်၊ ဗီတာမင် B6 တို့ ကြွယ်ဝစွာပါဝင်ပြီး ကိုလက်စတောမပါတဲ့အတွက်ကြောင့် ထိုဓာတ်များအားလုံးက နှလုံးအားကောင်းအောင် ကူညီပံ့ပိုးပေးနိုင်ပါတယ်။

အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အာလူးက သွေးတွင်းကိုလက်စတောပမာဏကို လျော့ချပေးတဲ့အတွက်ကြောင့် နှလုံးရောဂါ ဖြစ်ပွားခြင်းမှလည်း ကြိုတင်ကာကွယ်ပြီးသားဖြစ်သွားပါတယ်။

အစာချေစနစ်ကို ကောင်းမွန်စေခြင်း

အာလူးရဲ့အမျှင်ဓာတ်က နှလုံးတစ်ခုတည်းအတွက် အားကိုးရတာမဟုတ်ပါဘူး။ အစာချေစနစ်ကောင်းမွန်အောင်၊ ဝမ်းမချုပ်အောင်၊ အူလမ်းကြောင်း ကျန်းမာနေအောင်လည်း ကူညီပေးပါသေးတယ်။

ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း

သုတေသန လေ့လာချက်များအရ အာလူးထဲမှာပါဝင်တဲ့ ဗီတာမင်စီဓာတ်က အအေးမိဖျားနာခြင်း မခံစားရအောင်၊ အအေးမိပါကလည်း ရက်ကြာရှည်ပြီး မဖျားအောင် ကာကွယ်ပေးပါတယ်။

အသားအရေလှပစေခြင်း

အသားအရေလှပဖို့အတွက် ကော်လဂျင်က အဓိကအရေးပါတဲ့အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။ အာလူးထဲမှာပါဝင်တဲ့ ဗီတာမင်စီက နေလောင်ဒဏ်၊ လေထုညစ်ညမ်းမှု အစရှိသည်တို့ကြောင့် အသားအရေ ပျက်စီးခြောက်သွေ့သွားခြင်းမှ ကာကွယ်ပေးပြီး အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းမှ တားဆီးပေးကာ အသားအရေကို ညီညာချောမွေ့နေစေပါတယ်။

Source: Medicalnewstoday.com