ငါးရှဉ့်ကို ကြိုက်ကြလားရှင့်။ ငါးရှဉ့်ကြိုက်သူတွေကတော့ ငါးတွေထဲမှာ အရသာအရှိဆုံးလို့လည်း ဆိုကြပါတယ်။

ငါးရှဉ့်မှာ ပရိုတင်းဓာတ်တွေပါဝင်မှုများပြီး၊ သတ္တုဓာတ်၊ ဗီတာမင်ဓာတ်တွေလည်း ပါဝင်ပါတယ်။ အထူးသဖြင့် ငါးရှဉ့်စားရင် သွေးအားကောင်းပါတယ်။

Phosphorus ဓာတ်

အရိုးတွေပွပြီး အရိုးပါးရောဂါဖြစ်မှာ စိုးရိမ်နေသူတွေအတွက် ငါးရှဉ့်ကိုများများစားပေးသင့်ပါတယ်။ ငါးရှဉ့်မှာ နွားနို့တွေလို၊ ဒိန်ချဉ်တို့လို အရိုးကို သန်မာစေတဲ့ Phosphorus ဓာတ်ပါဝင်ပါတယ်။

သံဓာတ်

ငါးရှဉ့်က ခန္ဓာကိုယ်ထဲမှာ သံဓာတ်များအောင်ကူညီပေးပါတယ်။ သံဓာတ်လုံလောက်မှုမရှိရင် ခန္ဓာကိုယ်ထဲမှာ သွေးနီဥတွေနည်းပါးတဲ့အပြင် ခေါင်းမူး၊ခေါင်းကိုက်၊ အားနည်းတာတွေ ခံစားရနိုင်ပါတယ်။

ငါးရှဉ့်က ဟင်းနုနွယ်ရွက်၊ ကြက်အသည်း နဲ့ ပြင်ကြီးငါးလိုဘဲ သံဓာတ်ကြွယ်ဝပါတယ်။

ကယ်လိုရီ

ငါးရှဉ့်မှာ ကယ်လိုရီပါဝင်မှုကတော့ များပါတယ်။ ငါးရှဉ့်ဟင်းလျာမှာ တစ်နေ့လုံး ခန္ဓာကိုယ်လှုပ်ရှားဖို့ လိုအပ်တဲ့ ကယ်လိုရီပမာဏတွေပါဝင်ပါတယ်။ ဒါ့ကြောင့် ငါးရှဉ့်ကို ထမင်းဖြူနဲ့ စားသုံးရင်တော့ ကာဗိုဟိုက်ဒရိတ်ဓာတ်တွေအများကြီးပါဝင်တာကြောင့် ကိုယ်အလေးချိန်တက်စေပါတယ်။

ဗီတာမင်ဓာတ်တွေ ကြွယ်ဝ

ငါးရှဉ့်က မျက်လုံးကျန်းမာရေး၊ အာရုံကြောအတွက်ကောင်းမွန်ပြီး ပရိုတင်းဓာတ်ကြွယ်ဝကာ၊ ဟော်မှုန်းနဲ့ ဦးနှောက် သွေးဖိအားတွေကို ထိန်းညှိပေးပါတယ်။ ငါးရှဉ့်စားပေးရင် ဦးနှောက်ထဲမှာ သွေးခဲတာကို လျော့ပါးစေပါတယ်။

ငါးရှဉ့်ရဲ့ ကျန်းမာရေး ဘေးထွက်ဆိုးကျိုး

တန်ဆေးလွန်ဘေးဆိုသလိုပဲ ငါးရှဉ့်ကို အလွန်အကျွံစားတာလည်း မကောင်းပါဘူး။ သွေးထဲမှာ မကောင်းတဲ့ ကိုလက်စထရောမြင့်နေသူအတွက်တော့ ငါးရှဉ့်ကို မစားသင့်ပါဘူး။ အထူးသဖြင့် ကိုလက်စထရောမြင့်တက်မှုကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ ရှိသူတွေကလည်း မစားသင့်ပါဘူး။ အဆီဓာတ်လည်းပါဝင်မှုမြင့်မားပါတယ်။