အသားအရေ စိုပြေလှပချင်တာကတော့ လူသားတိုင်းရဲ့ ဆန္ဒတစ်ရပ်ပဲဖြစ်ပါတယ်။ အထူးသဖြင့် အလှအပမက်မောတဲ့ မိန်းကလေးများအနေနဲ့ အသားအရေညိုညစ်ညစ်ဖြစ်ခြင်း၊ အသားအရေခြောက်သွေ့ခြင်းတို့ ဖြစ်မှာကို အလွန်စိုးထိတ်ကြပါတယ်။

ထိုကဲ့သို့ အသားအရေ ခြောက်သွေ့ခြင်းက မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်သလို အသက်အရွယ်အပိုင်းအခြားနဲ့ လူနေမှုဘဝပုံစံတို့ကြောင့်လည်း အသားအရေခြောက်သွေ့တတ်ပါတယ်။ ဒါပေမဲ့ ဒီလိုအသားအရေခြောက်သွေ့ခြင်းမှ ကာကွယ်ချင်တယ်ဆိုရင်တော့ နည်းလမ်းကောင်းတစ်ခုရှိပါတယ်။ ထိုနည်းလမ်းကတော့ မှန်ကန်တဲ့အစားအသောက် စားသုံးခြင်းပဲဖြစ်ပါတယ်။

ဘယ်လိုအစားအစာတွေက သင့်ရဲ့အသားအရေကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးပြီး စိုပြေဝင်းပစေမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

ရေ

အသားအရေခြောက်သွေ့ခြင်းကို ကုသချင်တယ်ဆိုရင်တော့ ရေက အဓိကအရေးအကြီးဆုံး အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ရေကို လုံလုံလောက်လောက် မသောက်သုံးဘူးဆိုရင် အရေပြားပြဿနာများကို ကြုံတွေ့ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို အနည်းဆုံး ရေ ၃ လီတာခန့် သောက်သုံးသင့်ပါတယ်။

ထောပတ်သီး

ထောပတ်သီးထဲမှာ ဗီတာမင်စီ၊ ဗီတာမင် အီး၊ ဗီတာမင် အေ၊ ဗီတာမင် ကေ၊ အိုမီဂါသရီး ဖက်တိအက်ဆစ်နဲ့ ဖောလိတ်ဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုဓာတ်များက ပျက်စီးသွားတဲ့အရေပြားတစ်သျှူးများကို ပြန်လည်ပြုပြင်ပေးပြီး အရေပြားဆဲလ်များကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးပါတယ်။ ဒါ့အပြင် အသားအရေ ခြောက်သွေ့ကြမ်းတမ်းခြင်းနှင့် ပါးရေတွန့်ခြင်း၊ အရေးအကြောင်း ဖြစ်ခြင်းတို့မှလည်း ကာကွယ်ပေးနိုင်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးမှာလည်း အရေးအကြောင်းများကို ဖယ်ရှားရှင်းလင်းပေးတဲ့ အစွမ်းသတ္တိများ ပိုင်ဆိုင်ထားပါသေးတယ်။ သူ့ရဲ့အမျှင်ဓာတ်များက အဆိပ်အတောက်များကို ဖယ်ရှားပေးတာကြောင့် အသားအရေလေးက နူးညံ့ပြီး ကြည်လင်ဝင်းပလာပါလိမ့်မယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဂျယ်လ်များကို ဇွန်းဖြင့် အသာအယာခြစ်ထုတ်လိုက်ပါ။ ထို့နောက် အနှစ်လေးများဖြစ်သွားအောင် ချေပစ်လိုက်ပါ။ ရရှိလာတဲ့ ရှားစောင်းလက်ပတ်အနှစ်များကို အသားအရေပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ ခန့်ကြာမှ ကြက်သီးနွေးရေနွေးဖြင့် ဆွတ်ထားတဲ့ အဝတ်စဖြင့် သန့်စင်ပေးလိုက်ပါ။

ဒီလို သုတ်လိမ်းပေးခြင်းအားဖြင့် အိုမင်းရင့်ရော်မှုကို နှေးကွေးစေပြီး ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေပျက်စီးခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။

အုန်းဆီ

ဟင်းလျာများ ချက်ပြုတ်ပြင်ဆင်တဲ့အခါ သဘာဝအုန်းဆီစစ်စစ်ဖြင့် ချက်ပြုတ်ပေးနိုင်ပါတယ်။

ဒါမှမဟုတ် သဘာဝအုန်းဆီစစ်စစ်ကို အသားအရေခြောက်သွေ့တဲ့နေရာမှာ သုတ်လိမ်းပေးလိုက်ပါ။ အနည်းဆုံးတစ်နာရီခန့် ထားထားရပါမယ်။ တစ်ညလုံး သုတ်လိမ်းထားမယ်ဆိုရင်တော့ အာနိသင် ပိုကောင်းပါလိမ့်မယ်။ အချိန်ပြည့်ပြီဆိုတော့မှာ ရေနွေးနွေးလေးဖြင့် ရေချိုးပေးလိုက်ပါ။

ငါး

ဆော်လမွန်ငါး၊ တူနာငါး စတဲ့ ငါးများက အိုမီဂါသရီး ဖက်တီအက်ဆစ် ကြွယ်ဝတာကြောင့် အသားအရေကို နူးညံ့ပြီး အရေပြားခြောက်သွေ့အက်ကွဲခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေကို အားပြန်ဖြည့်ပေးတာကြောင့် သင့်အသားအရေက ဝင်းမွတ်စိုပြေနေမှာပဲဖြစ်ပါတယ်။

သခွားသီး

သခွားသီးမှာ ရေဓာတ်မြင့်မားစွာ ပါဝင်တဲ့အတွက်ကြောင့် အသားအရေခြောက်သွေ့ခြင်းမှ သက်သာချင်တယ်ဆိုရင်တော့ များများစားသုံးပေးသင့်တဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။ သခွားသီးက အသားအရေပြဿနာအတွက်တင် ကုသပေးရုံသာမက အရိုးအဆစ်များ၊ အရွတ်များနဲ့ ကြွက်သားများအတွက်လည်း အားဖြစ်စေတဲ့ အစားအစာတစ်ခုပါပဲ။

Source: Stylecraze.com