အာဟာရမျှတပြီး ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားသုံးခြင်းက သင့်ရဲ့မျက်စိအားကောင်းအောင် ကူညီပေးရုံသာမက အမြင်အာရုံနဲ့ ပတ်သက်တဲ့ရောဂါများ မခံစားရအောင် ကူညီပေးပါတယ်။

မျက်စိတိမ်စွဲခြင်း၊ အသက်အရွယ်ကြီးရင့်ခြင်းကြောင့် အမြင်အာရုံမှုန်ဝါးလာခြင်း၊ မျက်စိ ရေတိမ်ဖြစ်ခြင်း စတဲ့ မျက်စိနဲ့ပတ်သက်တဲ့ရောဂါများ မဖြစ်ပွားအောင် အခုဖော်ပြပေးမယ့်အစားအစာများကို ပုံမှန်စားသုံးပေးသင့်ပါတယ်။

ဥအမျိုးမျိုး

ကြက်ဥအနှစ်ထဲမှာ မျက်စိကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်အေ၊ Lutein ၊ ဇင့်ဓာတ်နဲ့ Zeaxanthin ဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင်အေက မျက်ကြည်လွှာထိခိုက်ခြင်းမှ ကာကွယ်ပေးပြီး Lutein နဲ့ Zeaxanthin ဓာတ်များကတော့ အသက်အရွယ်ကြောင့် မျက်စိကြွက်သားများ အားနည်းလာခြင်းမှ ကာကွယ်ပေးပါတယ်။ ဇင့်ဓာတ်ကတော့ ညဘက်မှာ ကောင်းစွာမြင်နိုင်အောင် ကူညီပေးပါလိမ့်မယ်။

မုန်လာဥနီ

မျက်စိအားကောင်းဖို့အတွက် ဘာ့ကြောင့် မုန်လာဥနီကို စားသုံးသင့်သလဲဆိုတာကို စာဖတ်သူတို့ သိပြီးပါပြီလား။

မုန်လာဥနီကလည်း ကြက်ဥလိုပဲ ဗီတာမင်အေပါဝင်တဲ့အပြင် မျက်စိ ကူးစက်ရောဂါများ မခံစားရအောင် ကာကွယ်ပေးပါတယ်။

ငါး

ငါးများ စားသုံးခြင်း၊ အထူးသဖြင့် ဆော်လမွန်ငါး စားသုံးခြင်းက သင့် မျက်စိကျန်းမာရေးအတွက် အကောင်းမွန်ဆုံး ဆေးဝါးတစ်လက်ပဲဖြစ်ပါတယ်။ ဆော်လမွန်ငါးမှာပါဝင်တဲ့ အိုမီဂါသရီး ဖက်တိအက်ဆစ်က မျက်ကြည်လွှာခမ်းခြောက်ခြင်းမှ ကာကွယ်ပေးပြီး အမြင်အာရုံတိုးတက်ကောင်းမွန်စေပါတယ်။

နို့ထွက်ပစ္စည်းများ

နွားနို့၊ ဒိန်ချဉ်စတဲ့ နို့ထွက်ပစ္စည်းတွေက မျက်စိအတွက် အကောင်းဆုံးအစားအစာတွေပဲဖြစ်ပါတယ်။ နွားနို့ကို မနက်စာ ကော်ဖီ၊ လက်ဖက်ရည်တို့နဲ့ တွဲဖက်သောက်သုံးနိုင်သလို သူ့ချည်းပဲ သောက်သုံးမယ်ဆိုရင်လည်း အရိုးအဆစ်များ ကျန်းမာကြံ့ခိုင်စေနိုင်ပါတယ်။

လိမ္မော်သီး

လိမ္မော်သီးနဲ့ အခြားအချဉ်ဓာတ်ကြွယ်ဝတဲ့ သစ်သီးများမှာ မျက်လုံးကျန်းမာရေးအတွက် အဓိကသော့ချက်တစ်ခုဖြစ်တဲ့ ဗီတာမင်စီဓာတ်များ ပါဝင်ပါတယ်။ ထိုဗီတာမင်စီကို လတ်ဆတ်တဲ့ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ စားသုံးခြင်းမှ ရရှိနိုင်ပြီး မျက်လုံးသွေးကြောလေးများအတွက် အထူးကောင်းမွန်တဲ့ ဗီတာမင်ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ လိမ္မော်သီးကိုတော့ ဖျော်ရည်အနေနဲ့ ဖျော်သောက်နိုင်သလို အသီးအဖြစ်နဲ့လည်း စားသုံးနိုင်ပါတယ်။

Source: Healthline.com