ယနေ့ခေတ်မှာ အစာအိမ်နဲ့ ပတ်သက်ပြီး ရောဂါဖြစ်သူတွေ အတော်များလာတာ တွေ့ရပါတယ်။ အစာစားချိန် မမှန်တာတွေနဲ့ အစားအစာကို ဖြစ်သလို စားသောက်ကြတာနဲ့ ဆိုင်ပါလိမ့်မယ်။ အလုပ်ရှုပ်ကြတဲ့ လူတွေများလာပြီး အစားတစ်ခုအတွက် သိပ်မစဉ်းစားဘဲ စားမိကြတဲ့လူတွေ ပိုပြီးအစာအိမ်ရောဂါဖြစ်ဖို့ များပါတယ်။

အစားအသောက်ကြောင့်တင် မဟုတ်ဘဲ စိတ်ဖိစီးမှု များတာ၊ ပတ်ဝန်းကျင်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်တာ၊ အထိုင်များတာနဲ့ အရက်အလွန် အကျွံသောက်ခြင်းတို့ကြောင့်လည်း အစာအိမ်ကို ထိခိုက်စေပါတယ်။ အစာချေဖျက်မှုအားကောင်းပြီး အစာအိမ် ပုံမှန်အလုပ်လုပ်ဖို့အတွက် အစားအစာ တစ်ချို့က ကူညီနိုင်ပါတယ်။

အုတ်ဂျုံ

အုတ်ဂျုံဟာ အစာအိမ်အတွက် ကောင်းမွန်တဲ့ အစားအစာတစ်ခု ဖြစ်ပြီး အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အူမကြီးရဲ့ လုပ်ငန်းစဉ်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးပြီး ဝမ်းချုပ်ခြင်းကနေ ကာကွယ်ပေးပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်ဟာ အစာချေဖျက်မှု အတွက် အကောင်းဆုံး အစားအစာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူ့မှာ ကိုယ်ခန္ဓာအတွက် ကောင်းမွန်တဲ့ ပိုးတွေ အများကြီး ပါဝင်တဲ့ အတွက်ပါ။ Lactobacilli လို့ ခေါ်တဲ့ ဘတ်တီးရီးယားတွေဟာ အစာချေဖျက်မှုနဲ့ အစာအိမ်ရဲ့ ပြဿနာတွေကို ကူညီပေးပါတယ်။ အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်းတို့ကို မဖြစ်အောင် ကူညီပေးပါတယ်။

သကြားမုံလာဥ

Beetroot

သကြားမုံလာဆိုတာ မြန်မာပြည်မှာတော့ သိပ်စားလေ့ မရှိပါဘူး။ သူ့မှာ အမျှင်ဓာတ်ကြွယ်ဝပြီး ပိုတက်စီယမ်နဲ့ မက်ဂနီစီယမ်တို့ ပါဝင်ပြီး ကျန်းမာပြီး ကောင်းမွန်တဲ့ အစာချေဖျက်မှု စနစ်ကို ထောက်ပံ့ပေးပါတယ်။ ဝမ်းချုပ်ခြင်းနဲ့ အစာအိမ်နာခြင်း တို့ကို သက်သာစေပါတယ်။

ပန်းသီး

ပန်းသီးဟာ အစာချေဖျက်မှုအတွက် ကောင်းမွန်တယ်ဆိုတာ သိပ်မသိကြပါဘူး။ အဓိကကတော့ အူမကြီး အတွက် ကောင်းမွန်စေတာပါ။ ပါဝင်တဲ့ အမျှင်ဓာတ်နဲ့ Pectin ဓာတ်ပေါင်းစု ဟာ အူလမ်းကြောင်း တစ်လျှောက်မှာ ရှိတဲ့ အစာချေဖျက်မှု စနစ်ကိုအထောက်အကူပေးပြီး အူမကြီး ကင်ဆာ ဖြစ်ပွားမှုကို ထိန်းပေးပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးမှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် ဝမ်းကို မှန်စေပြီး အူမကြီးလုပ်ငန်းတွေကို ပန်းသီးလိုပဲ ကူညီပေးပါတယ်။ ဒါပေမယ့် ငှက်ပျောသီးကို ဗိုက်ထဲ အစာမရှိတဲ့ အချိန်မှာ စားဖို့တော့ မသင့်တော်ပါဘူး။

ပန်းသီးနဲ့ ငှက်ပျောသီးကို ဖျော်ရည်အနေနဲ့ နေ့စဉ် သောက်ပေးခြင်းအားဖြင့် အစာအိမ်အတွက် ကောင်းမွန်စေပြီး ကိုယ်အလေးချိန်လျော့ချသူတွေ အတွက်လည်း ထိရောက်တဲ့ နည်းတစ်နည်းပါ။

Credit: Zeenews