ဦးနှောက်က ခန္ဓာကိုယ်ရဲ့အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး နှလုံးခုန်ဖို့၊ အသက်ရှူဖို့၊ သွားလာလှုပ်ရှားနိုင်ဖို့၊ သိရှိခံစားနိုင်ဖို့၊ တွေးတောစဉ်းစားနိုင်ဖို့အတွက် ဦးနှောက်က အဓိကတာဝန်ယူထားရပါတယ်။

ဒါ့ကြောင့်မို့ ဦးနှောက်ကျန်းမာရေး အထူးကောင်းမွန်ဖို့ရန်အတွက် အထူးဂရုပြုသင့်ပါတယ်။ မှတ်ဉာဏ်စွမ်းအားကောင်းမွန်ပြီး ဦးနှောက်ကျန်းမာရေးကောင်းဖို့အတွက် သင် စားသုံးတဲ့အစားအစာတွေကလည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။

ဦးနှောက်ကျန်းမာရေး ကောင်းမွန်ဖို့အတွက် စားသုံးသင့်တဲ့ အစားအစာတွေကတော့…

သဘာဝအဆီဓာတ်ကြွယ်ဝတဲ့ ငါးများ

Source: Mindovermunch.com

သင့်ဦးနှောက်ရဲ့ ၆၀ ရာခိုင်နှုန်းက အဆီဓာတ်ဖြင့် ပြုလုပ်ထားပြီး ထိုအဆီဓာတ်ရဲ့ တစ်ဝက်ခန့်က အိုမီဂါသရီးဓာတ်များ ပါဝင်ပါတယ်။ ဦးနှောက်နဲ့ အာရုံကြောဆဲလ်များ ဖွံ့ဖြိုးဖို့အတွက် အိုမီဂါသရီးဓာတ်များ မရှိမဖြစ်လိုအပ်တာကြောင့် အိုမီဂါသရီးဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ဆော်လမွန်ငါးကို စားသုံးပေးသင့်ပါတယ်။

ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးထဲမှာပါဝင်တဲ့ Antioxidants များက ဦးနှောက်ဆဲလ်များ ဖွံ့ဖြိုးဖို့အတွက် ကူညီပေးတဲ့အပြင် မှတ်ဉာဏ်စွမ်းအားကောင်းမွန်ဖို့အတွက်လည်း ကူညီပေးပါတယ်။ ဒါတင်မကသေးပါဘူး စိတ်ဖိစီးမှုကြောင့် မှတ်ဉာဏ်စွမ်းအား ကျဆင်းလာခြင်းမှ ကာကွယ်ပေးနိုင်ပါသေးတယ်။ ဒါ့ကြောင့် သစ်သီးဖျော်ရည် ဖျော်သောက်မယ်ဆိုရင်တော့ ဘလူးဘယ်ရီဖျော်ရည်လေး သောက်သုံးပေးနိုင်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းထဲမှာ ပါဝင်တဲ့ Antioxidants နဲ့ ဗီတာမင်ဒီတို့က ဦးနှောက်ဆဲလ်များ ဖွံ့ဖြိုးဖို့အတွက် ကူညီပေးပြီး အသက်အရွယ် ကြီးရင့်လာခြင်းကြောင့် မှတ်ဉာဏ်စွမ်းအားကျဆင်းလာခြင်းမှလည်း ကာကွယ်ပေးပါတယ်။

ရွှေဖရုံစေ့

ရွှေဖရုံစေ့ထဲမှာ ဦးနှောက်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဇင့်ဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်၊ ကော့ပါးနှင့် သံဓာတ်တို့ ပါဝင်ပါတယ်။ ဇင့်ဓာတ်ကတော့ အယ်လ်ဇိုင်းမားရောဂါနဲ့ စိတ်ကျရောဂါမဖြစ်ပွားအောင် ကာကွယ်ပေးပြီး မဂ္ဂနီစီယမ်ဓာတ်ကတော့ လေ့လာသင်ယူမှုအားကောင်းအောင် မှတ်ဉာဏ်စွမ်းအားကောင်းအောင် ကူညီပေးပါတယ်။ မဂ္ဂနီစီယမ်ဓာတ် အားနည်းသူတစ်ယောက်က အာရုံကြောနဲ့သက်ဆိုင်တဲ့ရောဂါတွေဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ၊ စိတ်ကျရောဂါနဲ့ ဝက်ရူးပြန်ရောဂါတို့ ခံစားရတတ်ပါတယ်။

ဒါ့အပြင် ဦးနှောက်က နာ့ဗ်ကြောများကို ထိန်းချုပ်ပေးဖို့အတွက် ကော့ပါးဓာတ်ကို အသုံးပြုပြီး သံဓာတ်ကတော့ ဦးနှောက်စွမ်းဆောင်ရည် မြင့်မားဖို့အတွက် ကူညီပေးပါတယ်။ ဒါ့ကြောင့် မှတ်ဉာဏ်ကောင်းချင်သူများအဖို့ ရွှေဖရုံစေ့ကို များများစားသုံးသင့်ပါတယ်။

Source: Healthline.com