ဝမ်းချုပ်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းများကတော့ စိတ်ဖိစီးမှုများခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ မကြာခဏခရီးသွားရခြင်း၊ အစားအသောက်မမှန်ခြင်း၊ လေ့ကျင့်ခန်းမပြုလုပ်ခြင်း စတဲ့ အကြောင်းအရင်းများပဲဖြစ်ပါတယ်။

ဝမ်းချုပ်ခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ကတော့ ခန္ဓာကိုယ်တွင်း၌ အပူအပုပ်များ ခိုအောင်းနေခြင်းကြောင့် ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ အမြင်အာရုံဝေဝါးခြင်းတို့အပြင် အခြားကျန်းမာရေးဆိုးကျိုးများလည်း ခံစားရနိုင်ပါတယ်။

ဒါဆိုရင် ဝမ်းချုပ်ခြင်း သက်သာပြီး ဝမ်းမှန်အောင် ဘယ်လိုအစားအစာများနဲ့ ထိန်းချုပ်ကြမလဲ။

သစ်တော်သီး စားပါ

အလယ်အလတ်အရွယ်အစားရှိ သစ်တော်သီးတစ်လုံးမှာ သင့်တနေ့တာအတွက် လိုအပ်တဲ့ အမျှင်ဓာတ်များ ၂၂ ရာခိုင်နှုန်းခန့် ထောက်ပံ့ပေးနိုင်ပါတယ်။

ရေများများသောက်ပါ

ရေဓာတ်ခမ်းခြောက်ခြင်းကလည်း ဝမ်းချုပ်စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်တာကြောင့် ဝမ်းမှန်မှန်သွားအောင် ဝမ်းပျော့ပျော့သွားဖို့ရန်အတွက် ရေများများ သောက်သုံးသင့်ပါတယ်။

ပန်းသီးများများစားပါ

ပန်းသီးစားသုံးခြင်းအားဖြင့် ခန္ဓာကိုယ်က လိုအပ်တဲ့အမျှင်ဓာတ်များ ရရှိလာမှာဖြစ်ပြီး အူလမ်းကြောင်းအတွက် ကောင်းကျိုးပေးသော ဘက်တီးရီးယားများ များများပေါက်ဖွားလာအောင် ကူညီပေးပါတယ်။ ထိုမှတဆင့် ဝမ်းချုပ်ခြင်းကို သက်သာစေပါလိမ့်မယ်။

ကီဝီသီး စားပါ

ကီဝီသီးတစ်လုံးမှာတော့ တစ်နေ့တာအတွက် လိုအပ်တဲ့ အမျှင်ဓာတ်များ ၉ ရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။

ဟင်းနုနွယ်နှင့် အခြားအစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ စားသုံးပါ

ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း စတဲ့ဟင်းသီးဟင်းရွက်များက အမျှင်ဓာတ်များ ပေါကြွယ်ဝရုံသာမက ဗီတာမင်စီ၊ ဗီတာမင်ကေနဲ့ ဖောလိတ်ဓာတ်များလည်း မြင့်မားစွာပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် အသင့်တော်ဆုံးအစားအစာတစ်ခုဆိုလည်း မမှားပါဘူး။

အချဉ်ဓာတ်ကြွယ်ဝသော သစ်သီးများ စားသုံးပါ

အချဉ်ကြိုက်သောသူများအနေနဲ့ ဆေးသကြားပါသော အချဉ်ထုပ်များ စားမယ့်အစား လိမ္မော်သီး၊ Grapefruits သီးစတဲ့ သစ်သီးများကို အစားထိုးစားသုံးပါ။

ကန်စွန်းဥ စားပါ

အလယ်အလတ်အရွယ်အစားရှိ ကန်စွမ်းဥတစ်လုံးမှာကတော့ အမျှင်ဓာတ် ၃.၈ ဂရမ်ပါဝင်ပြီး သင့်တစ်နေ့တာအတွက် လိုအပ်တဲ့ အမျှင်ဓာတ် ၁၅ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးနိုင်ပါတယ်။

ပဲတောင့်ရှည်၊ ပဲလိပ်ပြာ၊ ပဲသီးစသည်တို့ကို စားသုံးပါ

ထိုဟင်းသီးဟင်းရွက်များတွင် ပျော်ဝင်နိုင်သောအမျှင်ဓာတ်နှင့် မပျော်ဝင်နိုင်သောအမျှင်ဓာတ် နှစ်မျိုးစလုံးပါရှိတဲ့အတွက်ကြောင့် ထိုအစားအစာများကို စားသုံးပေးခြင်းအားဖြင့် သင့်တစ်နေ့တာအတွက် လိုအပ်တဲ့ အမျှင်ဓာတ် ၈၀ ရာခိုင်နှုန်းခန့်ကို ရရှိနိုင်ပါတယ်။

စာဖတ်သူတို့အနေနဲ့ မိမိကိုယ်တိုင်ကပဲဖြစ်ဖြစ်၊ သူငယ်ချင်း ချစ်သူခင်သူတစ်ယောက်ယောက်ကပဲဖြစ်ဖြစ် မကြာခဏဝမ်းချုပ်တတ်တယ်ဆိုရင်တော့ တစ်နေ့တာစားသောက်မှုစနစ်ကို အထက်ဖော်ပြပါအစားအစာများဖြင့် ကျန်းမာရေးညီညွှတ်အောင် ထိန်းချုပ်သင့်ကြောင့် တိုက်တွန်းအကြံပေးလိုက်ကြရအောင်လား။

Source: Healthline.com