စာဖတ်သူက ဆီးချိုရောဂါ ခံစားနေရသူတစ်ယောက်လား။ ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင်မှာ ဆီးချိုဝေဒနာသည် တစ်ယောက်ယောက် ရှိနေပါသလား။

ထိုမေးခွန်းနှစ်ခုအနက် “Yes” ဆိုတဲ့အဖြေ တစ်ခုရှိနေပြီဆိုရင်တော့ ဒီဆောင်းပါးက စာဖတ်သူအတွက် အထောက်အကူဖြစ်စေမှာပါ။

လူတိုင်း လူတိုင်းမှာ မိမိစားတဲ့အစားအစာနဲ့ ဟော်မုန်းအပြောင်းအလဲပေါ် မူတည်ပြီး သွေးတွင်းသကြားဓာတ် အတက်အကျ ရှိကြပါတယ်။ ဒါပေမဲ့ ဆီးချိုသမားတစ်ဦးအတွက်ကတော့ သွေးတွင်းသကြားဓာတ် အတက်အကျက အရမ်းကိုမြန်ဆန်ပြီး ပမာဏများပြားတဲ့အတွက်ကြောင့် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့ကြောင့် မိမိစားတဲ့အစားအစာနဲ့ သောက်သုံးတဲ့ အရည်တွေကို သတိထားသင့်ပါတယ်။

ဆီးချိုသမားအနေနဲ့ အခြေခံအနေနဲ့ သကြားဓာတ်လွန်ကဲတဲ့ အစားအစာများ၊ အချိုရည်များကို ရှောင်ကြဉ်သင့်ပြီး သွေးတွင်းသကြားဓာတ်ပမာဏ ကိုလည်း နေ့စဉ် စစ်ဆေးသင့်ပါတယ်။ အချိုစာတွေကိုမရှောင်ကြဉ်နိုင်ဘူးဆိုရင် အခုဖော်ပြပေးမယ့် သဘာဝဖျော်ရည်များကို မိမိကျန်းမာရေးအတွက် နေ့စဉ်မှန်မှန်သောက်သုံးပေးနိုင်ပါတယ်။

အစိမ်းရောင်ရှိတဲ့ ဖျော်ရည်များ

ဟင်းနုနွယ်ရွက်၊ ကိုက်လန်ရွက် စတဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်များကို သခွားသီး၊ ရှမ်းနံနံ စတဲ့ အရွက်တွေနဲ့ ဖျော်စက်ထဲ ရောမွှေပြီး ရရှိလာတဲ့ ဖျော်ရည်ကို သင့်ကျန်းမာရေးအတွက် သောက်သုံးပေးနိုင်ပါတယ်။ အရသာ အနည်းငယ်ချိုမြိန်ချင်တယ်ဆိုရင်တော့ ဘယ်ရီသီးအနည်းငယ် ထည့်နိုင်သလို လိမ္မော်သီးအနည်းငယ်လည်း ထည့်ဖျော်ပေးနိုင်ပါတယ်။

ကြက်ဟင်းခါးသီး

ကြက်ဟင်းခါးသီးက သွေးတွင်းသကြားဓာတ်ကို လျော့ချပေးရာမှာ အစွမ်းထက်တဲ့အတွက်ကြောင့် ဆီးချိုသမားတွေအတွက်တော့ ဆေးစွမ်းကောင်းတစ်လက်ပါပဲ။ ဒါပေမဲ့ တစ်ခုသတိထားရမှာကတော့ ကြက်ဟင်းခါးသီးက အရမ်းခါးတဲ့အတွက်ကြောင့် တစ်နေ့ကို နှစ်လုံးထက် ပိုပြီး မစားသင့်ပါဘူး။

သင့်အနေနဲ့ ကြက်ဟင်းခါးသီးဖျော်ရည်ကို သူ့ချည်းပဲ သောက်နိုင်တယ်ဆိုရင်လည်း သောက်ပေးလို့ရပါတယ်။ ဒါမှမဟုတ် သခွားသီး၊ သံပုယိုသီးနဲ့ ပန်းသီးဖျော်ရည် အနည်းငယ် ပေါင်းပြီး ထည့်ဖျော်ပေးလို့လည်း ရပါတယ်။

လတ်ဆတ်တဲ့ လိမ္မော်ဖျော်ရည်

ဆေးသကြားတွေ ပါဝင်တဲ့ အသင့်ဖျော် လိမ္မော်ရည်မျိုး မဟုတ်ဘဲ လတ်လတ်ဆတ်ဆတ် ဖျော်ထားတဲ့ လိမ္မော်ရည်ကို သောက်သုံးပေးခြင်းအားဖြင့် သွေးတွင်းသကြားဓာတ်ကို လျော့ချပေးနိုင်ပါတယ်။

ခရမ်းချဉ်သီးဖျော်ရည်

ခရမ်းချဉ်သီးဖျော်ရည်ကို တစ်နေ့တစ်ခွက် သောက်သုံးပေးခြင်းကလည်း သွေးကြောပိတ်ဆို့ခြင်းမှ ကာကွယ်ပေးပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။

Source: Ecofriendlylink.com