အရသာရှိပြီးစားလို့ကောင်းတဲ့အပြင် အာဟာရဓာတ်လည်း ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ကီဝီသီးက အလှအပအတွက်လည်း အသုံးဝင်ပါသေးတယ်။ ကီဝီသီး နေ့တိုင်းစားသုံးခြင်း (သို့မဟုတ်) ကီဝီသီးဖျော်ရည်ကို သောက်သုံးပေးခြင်းက အသားအရေကို စိုပြေဝင်းပစေပါတယ်။

ကီဝီသီး နေ့တိုင်းမစားချင်ဘူးဆိုရင်တော့ ကီဝီသီးနဲ့ မျက်နှာပေါင်းတင်လို့ရပါသေးတယ်။ မျက်နှာအသားအရေလှပဖို့အတွက် ကီဝီသီးနဲ့ ဘယ်လိုပေါင်းတင်လို့ရမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

မျက်နှာပေါင်းတင်ဖို့အတွက် ကီဝီသီးချည်းပဲ အသုံးပြုလို့တော့မရပါဘူး။ အခြားအစားအစာတစ်မျိုးမျိုးနဲ့ ပေါင်းစပ်အသုံးပြုရပါမယ်။

ကီဝီသီးနဲ့ ဒိန်ချဉ်

လိုအပ်မယ့် ပါဝင်ပစ္စည်းများကတော့ ကီဝီသီးတစ်လုံးနဲ့ ဒိန်ချဉ် စားပွဲတင်ဇွန်းတစ်ဇွန်းတို့ပဲဖြစ်ပါတယ်။ ကီဝီသီးကို အနှစ်များဖြစ်အောင် ကြိတ်ချေပြီးနောက် ဒိန်ချဉ်နဲ့ရောနှောလိုက်ပါ။ ထို့နောက် မျက်နှာနဲ့ လည်ပင်းတစ်ဝိုက်မှာ ညင်သာစွာ သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ကြာမှ ရေနွေးနွေးနဲ့ မျက်နှာသစ်ပေးရပါမယ်။

ကီဝီသီးနဲ့ ရှားစောင်းလက်ပတ်ဂျယ်လ်

ကီဝီသီး တစ်လုံးနဲ့ ရှားစောင်းလက်ပတ်ဂျယ်လ် စားပွဲတင်ဇွန်းတစ်ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ကီဝီသီးကို အနှစ်များရအောင် ကြိတ်ချေပြီးနောက် ရှားစောင်းလက်ပတ်နဲ့ သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် မျက်နှာနဲ့ လည်ပင်းတစ်ဝိုက်မှာ ညင်သာစွာ သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ကြာမှ မျက်နှာသစ်ပေးရပါမယ်။

ကီဝီသီးနှင့် ထောပတ်သီး

လိုအပ်မယ့် ပစ္စည်းများကတော့ ကီဝီသီး ၁ လုံး၊ ထောပတ်သီး စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ထောပတ်သီးနဲ့ ကီဝီသီးကို အနှစ်များရအောင် ကြိတ်ချေလိုက်ပါ။ ခရင်မ်ကဲ့သို့ အနှစ်များရလာပါက ပျားရည်နဲ့ သမအောင် ရောမွှေပေးလိုက်ပါ။ မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်ကြာမှ ကြက်သီးနွေးရေနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။

ကီဝီသီးနှင့် ကြက်ဥအနှစ်

ကီဝီသီးအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ကြက်ဥအနှစ် ၁ လုံးတို့ လိုအပ်ပါလိမ့်မယ်။ အရင်ဦးဆုံး ကီဝီသီးအနှစ်နဲ့ သံလွင်ဆီကို ရောနှောလိုက်ပါ။ ထို့နောက် ကြက်ဥထပ်ထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။

ရရှိလာတဲ့အနှစ်များကို မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်ခန့်ကြာမှ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးရပါမယ်။

Source: Stylecraze.com