တစ်နေ့တာလုံး ပင်ပန်းစွာ အလုပ်လုပ်ပြီးတဲ့နောက်မှာ ညဘက် အိပ်စက်ချိန်ရောက်တဲ့အခါ နှစ်ခြိုက်စွာအိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။ နှစ်ခြိုက်စွာ အိပ်စက်အနားယူမှသာ နိုးထလာတဲ့အခါ တက်ကြွရွှင်လန်းနေမှာပဲဖြစ်ပါတယ်။

ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ ချက်ချင်းအိပ်စက်ချင်ပေမယ့် အိပ်စက်မရတဲ့ရောဂါစွဲကပ်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် သဘာဝဆေးနည်းလေးတွေကို ဖော်စပ်သောက်သုံးပေးနိုင်ပါတယ်။

ကီဝီသီး

ညအိပ်ရာဝင်ခါနီး တစ်နာရီခန့်အလိုမှာ ကီဝီသီး ၂ လုံး စားသုံးပေးလိုက်ပါ။ ညစဉ်ညတိုင်း စားသုံးပေးမယ်ဆိုရင် ရက်သတ္တပတ် အနည်းငယ်ကြာတဲ့အခါမှာ ထူးခြားတဲ့ရလဒ်ကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ကီဝီသီးထဲမှာ ပါဝင်တဲ့ Antioxidants များက စိတ်ဖိစီးမှုကို ပြေပျောက်စေပြီး စိတ်လက်ပေါ့ပါးစေကာ ဦးနှောက်ကို အနားယူလို့ရအောင် ကူညီပေးပါလိမ့်မယ်။

ငှက်ပျောသီး

ဒီဆေးနည်းလေးအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းလေးတွေကတော့ ငှက်ပျောသီး ၁ လုံး၊ ရေ ၂၅၀ မီလီလီတာခန့်နှင့် သစ်ကြမ်းပိုးခေါက်အမှုန့် အနည်းငယ်တို့ လိုအပ်ပါလိမ့်မယ် (သစ်ကြမ်းပိုးခေါက် မထည့်လည်း ရပါတယ်)။

အရင်ဦးဆုံး ငှက်ပျောသီးကို အတုံးသေးသေးလေး တုံးပြီးနောက် ရေထဲတွင် ၁၀ မိနစ် ပြုတ်လိုက်ပါ။ ရရှိလာတဲ့အရည်ကို ဖန်ခွက်ထဲထည့်ပြီးနောက် သစ်ကြမ်းပိုးခေါက်လေးထည့်ကာ ပူပူနွေးနွေးလေး သောက်သုံးနိုင်ပါတယ်။

ထိုနည်းလမ်းလေးကို မကြိုက်ဘူးဆိုရင်လည်း အိပ်ရာဝင်ခါနီးအချိန်မှာ ငှက်ပျောသီးမှည့်တစ်လုံး စားသုံးပေးနိုင်ပါသေးတယ်။

ပျားရည်

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ကို အိပ်ရာဝင်ခါနီးအချိန်တိုင်း စားသုံးပေးလိုက်ပါ။ မနက်နိုးထလာတဲ့အခါ ပိုမိုရွှင်လန်းတက်ကြွချင်တယ်၊ ပိုမို အားအင်ပြည့်ဝချင်တယ်ဆိုရင်တော့ ပျားရည်ထဲသို့ ဟိမဝန္တာဆားအနည်းငယ် ထည့်ပြီး သောက်သုံးပေးလိုက်ပါ။

နွားနို့

နွားနို့ တစ်ဖန်ခွက်ခန့်ကို ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် အပူပေးလိုက်ပါ။ ရရှိလာတဲ့ နွားနို့ ပူပူနွေးနွေးလေးကို ညအိပ်ရာဝင်ခါနီးတိုင်းမှာ သောက်သုံးပေးလိုက်ပါ။ နွားနို့ပူပူလေးက သင့်ရဲ့စိတ်ကို တည်ငြိမ်စေပြီး မြန်မြန်အိပ်မောကျစေမှာပါ။

လာဗန်ဒါအဆီ (သို့မဟုတ်) လာဗန်ဒါ အမွှေးအိတ်

သင့်ရဲ့ခေါင်းအုံးပေါ်မှာ လာဗန်ဒါအဆီ တစ်စက်၊ နှစ်စက်ခန့် ဖြန်းပေးလိုက်ပါ။ ဒါမှမဟုတ် လာဗန်ဒါအမွှေးအိတ်လေးကို ခေါင်းအုံးအောက်မှာ ထားအိပ်ပေးလိုက်ပါ။ ညအိပ်ရာဝင်ခါနီးတိုင်း ထိုကဲ့သို့ ပြုလုပ်ပေးမယ်ဆိုရင် စိတ်လှုပ်ရှားမှု၊ စိတ်ဖိစီးမှုများကို ပြေလျော့စေပြီး အာရုံကြောကို ပြေလျော့စေကာ နှစ်ခြိုက်စွာအိပ်ပျော်စေမှာပဲဖြစ်ပါတယ်။

Source: Stylecraze.com