သင်ဟာ ညဘက်ရောက်မှ အစားပိုစားဖြစ်နေပါသလား။ ဒါကို Night Eating Syndrome (NES) လို့ခေါ်ပြီး အဝလွန်ရောဂါဖြစ်ဖို့ အဓိက အကြောင်းအရင်းပါပဲ။

American Journal of Clinical Nutrition က ပြုလုပ်ခဲ့တဲ့ သုတေသနအရ ညအိပ်ခါနီးမှ အစာထပ်စားသူတွေက သာမန်မစားတဲ့သူတွေထက် ကယ်လိုရီ ၃၀၀ ကျော်ပိုစားဖြစ်ပြီး ၁ လလောက်ဆိုရင် ကိုယ်အလေးချိန် ၁၄ ပေါင်လောက်တက်စေပါတယ်။

ဘာကြောင့် ညဘက်မှာ အစာထပ်စားဖြစ်သလဲ

အများအားဖြင့် ညတရေးနိုးလာလို့ ဗိုက်ဆာတာ၊ ညစာစားပြီး တီဗီကြည့်တာ၊ ညဘက် ကွန်ပျုတာနဲ့ အလုပ်လုပ်တာ (သို့)ပျင်းလို့ ညဘက်မှာ အစာထပ်စားဖြစ်တာပါ။

ညအိပ်ခါနီးမှ အစာထပ်မစားဖြစ်အောင်ပြုလုပ်နိုင်သည့် နည်းလမ်းများ

ဟော်မှုန်းဓာတ်ကို စစ်ဆေးကြည့်ပါ

အင်ဆူလင်း (Insulin) ၊ Ghrelin ၊ Leptin ၊ Cortisol  နဲ့ Peptide YY တို့က သင့်ကို စားသောက်စေဖို့ အဓိက ဆွဲဆောင်ဆုံးဖြတ်တဲ့ ဟော်မှုန်းတွေဖြစ်ပါတယ်။

ဒီလို ဟော်မှုန်းတွေ မမျှတဘူးဆိုရင် ဗိုက်ဆာစေပြီး အစားတွေအများကြီးစားတာမျိုးတွေဖြစ်စေပါတယ်။

သင်ဟာများများစားလေလေ ပိုလျှံနေတဲ့ ကလူးကို့စ်တွေက အဆီအဖြစ်သိမ်းဆည်းထားမှာဖြစ်ပါတယ်။

အစားအစာကို သေချာစီစဉ်ပါ

သင်တစ်နေ့တာ စားသုံးမယ့် အစားအစာကို သေချာစီစဉ်ပါ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အသင့်စားအစားအစာတွေ၊ သကြားပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။ ဟင်းသီးဟင်းရွက်၊ အသီးအနှံ လတ်လတ်ဆတ်ဆတ်၊ ပရိုတင်းဓာတ်ရအောင် ငါး၊ ကြက်သား၊ ကြက်ဥ၊ မှို၊ ပဲ၊ တို့ဖူး စတာတွေကို စားသုံးပေးပါ။

ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဓာတ်ကို ရရှိဖို့ သံလွင်ဆီ၊ ထောပတ်သီး၊ အခွံမာအသီး စတာတွေကို စားပေးပါ။

မနက်စာကို ကောင်းကောင်းစားပါ

မနက်ပိုင်းကို ၁၅ မိနစ်လောက်စောထပြီး အာဟာရရှိတဲ့ မနက်စာလေးကို စားသုံးပေးပါ။

ရေသောက်ပါ

ရေကိုတစ်နေ့ကို ၂ လီတာ၊ ၃ လီတာလောက်သောက်ပေးပါ။ ဖုန်းမှာ Alarm ပေးထားပြီး ရေသောက်ဖြစ်အောင်သောက်ပါ။ ရေက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အားကောင်းစေပြီး၊ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကိုလည်း မှန်ကန်စေပါတယ်။ ရေဆာနေရင် ဦးနှောက်က အစားစားဖို့ဘဲ တိုက်တွန်းနေပါလိမ့်မယ်။

အမျှင်ဓာတ်တွေပါဝင်အောင်စားပါ

အမျှင်ဓာတ်တွေမှာ အစာမခြေနိုင်တဲ့ ကောင်းမွန်တဲ့ ကာဗိုဟိုက်ဒရိတ်တွေပါဝင်ပြီး အစာခြေစနစ် လုပ်ငန်းစဉ်ကိုလျော့ချပေးပါတယ်။ ဒါ့ကြောင့် အမြဲတမ်းလိုလို ဗိုက်ဝနေသလိုခံစားရပြီး အစားတွေအများကြီးမစားဖြစ်အောင်လည်းကူညီပေးပါတယ်။

ညစာကို သေချာစားပါ

သေချာစားပါဆိုတာက ညစာစားတဲ့အချိန်မှာ အနှောင့်အယှက်ကင်းကင်းစားဖို့ ဆိုလိုပါတယ်။ ဖုန်းကို အဝေးမှာထားလိုက်ပါ၊ တီဗီပိတ်၊ Laptop ပိတ်၊ Tablet လည်း မကြည့်ပါနဲ့။

စားနေကျအတိုင်းပုံမှန်အချိန်မှာဘဲစားသုံးပါ။ မဟုတ်ရင် သင်ညစာဘယ်လောက်စားစား ညဘက်ဗိုက်ဆာနေပါလိမ့်မယ်။

လုံလောက်စွာအိပ်စက်ပါ

လုံလောက်စွာ အိပ်စက်မှုမရှိပါက ကိုယ်အလေးချိန် တက်စေပါတယ်။ အိပ်စက်တာက ခန္ဓာကိုယ်က ကုန်ဆုံးသွားတဲ့စွမ်းအင်တွေကို ပြန်လည် ဖြည့်တင်းပေးပြီး၊ ကြွက်သား၊ အရိုးနဲ့ ဦးနှောက်လုပ်ဆောင်ချက်တွေကိုလည်းကောင်းစေပါတယ်။

ညဘက်နောက်ကျမှ အိပ်ပြီး လုံလောက်စွာအိပ်စက်မှုမရှိရင် ညဘက်မှာ အစားပိုစားတတ်ပါတယ်။

Credit: StyleCraze