ယနေ့ကမ္ဘာပေါ်တွင် အမျိုးသမီး ၈ ယောက်မှာ ၁ ယောက်နှုန်းနှင့် ခံစားနေရသည့်နေရာဂါမှာ ရင်သားကင်ဆာရောဂါပဲဖြစ်ပါတယ်။ အမျိုးသမီးများသာမက အမျိုးသားများလည်း ရင်သာကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေ ၁ ရာခိုင်နှုန်းခန့် ရှိပါတယ်။

ဒီအန်အေ ပျက်စီးသွားခြင်း၊ မျိုးရိုးဗီဇ ကူးပြောင်းသွားခြင်းက ရင်သားကင်ဆာရောဂါကို ဖြစ်ပွားစေတဲ့ အရင်းအမြစ်များဖြစ်ပါတယ်။ မိမိရဲ့နေထိုင်စားသောက်မှုပုံစံကလည်း အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အရက်အလွန်အကျွံ သောက်သုံးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကျန်းမာရေးနဲ့ မညီညွှတ်သော အစားအစာများ စားသုံးခြင်းတို့ကလည်း ရင်သားကင်ဆာဖြစ်ပွားနှုန်းနဲ့ ဆက်နွယ်မှုရှိတယ်လို့ သုတေသနလေ့လာချက်များအရ သိရှိရပါတယ်။

ဒါဆိုရင် ရင်သားကင်ဆာဖြစ်ပွားနိုင်ချေကို လျော့ချဖို့အတွက် ဘယ်လိုအစားအစာတွေကို စားသုံးသင့်သလဲ။

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

ကိုက်လန်၊ ဟင်းနုနွယ်၊ မုန်ညှင်းစတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်များမှာ ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်တဲ့ အစွမ်းသတ္တိများ ပါဝင်ပါတယ်။ ထိုဟင်းရွက်များက Carotenoid လို့ခေါ်တဲ့ Antioxidants များ ကြွယ်ဝစွာ ပါဝင်ပြီး အမျိုးသမီး ၇၀၀၀ ကျော်ပေါ်မှာ ပြုလုပ်ထားတဲ့ လေ့လာစမ်းသပ်ချက် ၈ ခုအရ Carotenoids ဓာတ် ကြွယ်ဝတဲ့ အမျိုးသမီးများက Carotenoids ဓာတ် ချို့တဲ့သောအမျိုးသမီးများထက် ကင်ဆာရောဂါ ခံစားရနိုင်ချေ အလွန်နည်းပါးပါတယ်။

အချဉ်ဓာတ် ကြွယ်ဝသော သစ်သီးများ

လိမ္မော်သီး၊ Grapefruits သီး၊ သံပုရာသီး၊ သံပုယိုသီး၊ ပင်မှည့်သီးစတဲ့ အချဉ်ဓာတ် ကြွယ်ဝတဲ့ သစ်သီးများကလည်း ကင်ဆာရောဂေါ ဖြစ်ပွားနိုင်ချေကို ၁၀ ရာခိုင်နှုန်းခန့် လျော့ချပေးနိုင်တယ်လို့ လေ့လာစမ်းသပ်ချက် ၈ ခုအရ သိရှိရပါတယ်။

အဆီဓာတ် ကြွယ်ဝသော ငါးများ

အိုမီဂါသရီး ဖက်တိအက်ဆစ်များ ကြွယ်ဝစွာပါဝင်သော ဆောလမွန်ငါး၊ မက်ကရယ်ငါး၊ ငါးသေတ္တာငါးများက ရင်သားကင်ဆာဖြစ်ပွားနိုင်ချေကို ၁၄ ရာခိုင်နှုန်းခန့် လျော့ချပေးနိုင်တယ်လို့ လူပေါင်း ၈ သိန်းကျော်ပေါ်မှာ ပြုလုပ်ထားတဲ့ သုတေသနပြုချက် ၂၆ ခုအရ သိရှိရပါတယ်။

ဘယ်ရီသီးများ

ဘယ်ရီသီးများ ပုံမှန်စားသုံးပေးခြင်းကလည်း ရင်သားကင်ဆာအပြင် အခြားသော ကင်ဆာရောဂါဖြစ်ပွားနိုင်ချေကို လျော့ချပေးနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဘယ်ရီသီးများထဲမှာ ပါဝင်တဲ့ Flavonoids နဲ့ Anthocyanins ဓာတ်က ဆဲလ်များ ပျက်စီးသွားခြင်းနှင့် ကင်ဆာဆဲလ်များ ပျံ့ပွားသွားခြင်းမှ ကာကွယ်ပေးလို့ပဲဖြစ်ပါတယ်။

အချဉ်ဖောက်ထားသော အစားအစာများ

အချဉ်ဖောက်ထားသော အစားအစာတွေဖြစ်ကြတဲ့ ဒိန်ချဉ်၊ ကင်ချီ၊ ဆားရေစိမ် တို့စရာများ စသည်တို့တွင် ရင်သားကင်ဆာဖြစ်ပွားခြင်းကို တားဆီးပေးတဲ့ Probiotics နဲ့ အခြားသော အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။

ကြက်သွန်

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်များမှာ Flavonoid ၊ ဗီတာမင်စီနဲ့ အော်ဂင်နိုဆာလဖာဒြပ်ပေါင်းများ ပါဝင်ပြီး ထိုဒြပ်ပေါင်းများက ကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းများပဲဖြစ်ပါတယ်။ ဟင်းချက်တဲ့အခါ ကြက်သွန်နီ၊ ကြက်သွန်ဖြူ။ ကြက်သွန်မြိတ် များများ ထည့်ချက်ခြင်းအားဖြင့် ရင်သားကင်ဆာဖြစ်ပွားနိုင်ချေကို လျော့ချပေးနိုင်ပါတယ်။

အထက်ဖော်ပြပါ အစားအစာများအပြင် မက်မွန်သီး၊ ပန်းသီး၊ သစ်တော်သီး၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပဲအမျိုးမျိုးစသည့် အစားအစာများကလည်း ရင်သားကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ရင်သားကင်ဆာဖြစ်ပွားနိုင်ချေကို အားပေးတဲ့ အစားအစာတွေကတော့ အရက်၊ အသင့်စား အစားအစာများ၊ ဆီကြော်မုန့်များ၊ ကြာရှည်ခံအောင် ပြုလုပ်ထားသော အသားများ၊ အချိုဓာတ် လွန်ကဲသော အစားအစာများဖြစ်တာကြောင့် ထိုအစားအစာများကိုတော့ ရှောင်ကြဉ်ဖို့ လိုပါလိမ့်မယ်။

Source: Healthline.com