အချဉ်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ သံပုရိုသီးက ဟင်းချက်ရာမှာလည်း အသုံးဝင်သလို ဟင်းလျာများ အလှဆင်တဲ့နေရာမှာလည်း အသုံးပြုနိုင်တဲ့ အသီးတစ်မျိုးပဲဖြစ်ပါတယ်။ ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ သံပုရိုသီးက အရာဝတ္ထုပစ္စည်းများ သန့်ရှင်းတောက်ပြောင်လာအောင်လည်း ကူညီပေးနိုင်သလို သင့် မီးဖိုချောင်မှာ ကိန်းအောင်းနေတတ်တဲ့ မအောင်းတဲ့ အနံ့အသက်များကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

သံပုရိုသီးအခွံလေးတွေကအစ အစေ့လေးတွေအဆုံး အသုံးဝင်တဲ့ သံပုရိုသီးကို အကျိုးရှိရှိအသုံးပြုနိုင်တဲ့ နည်းလမ်းများကို ဗဟုသုတရအောင် ဝေမျှပေးလိုက်ရပါတယ်။

သံပုရိုသီးအခွံကို အခြောက်ခံပါ

သံပုရိုသီးအခွံက အနံ့လေး မွှေးနေတဲ့အပြင် အဆီအနှစ်တွေနဲ့လည်း ပြည့်ဝနေတတ်ပါတယ်။ ဟင်းချက်တဲ့အခါမှာ ဟင်းခတ်မှုန့်အနေနဲ့ အသုံးပြုနိုင်သလို မျက်နှာပေါင်းတင်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သံပုရိုသီးအခွံကို အခြောက်လှန်းပြီး အမှုန့်လေးများရအောင် ထောင်းထားလိုက်ပါ။ ရေခဲသေတ္တာထဲမှာ နှစ်ရှည်လများ သိမ်းထားပြီး အသုံးပြုနိုင်ပါတယ်။

ပြတင်းပေါက်မှန်များ၊ ပရိဘောဂများ၊ တံခါးများ၊ မီးဖိုချောင်သုံးပစ္စည်းများ ညစ်ပတ်စွန်းထင်းနေတဲ့အခါ

သံပုရိုသီးကို ထက်ခြမ်းခြမ်းပြီး ဆားဖြင့် ကပ်ပေးလိုက်ပါ။ ထို့နောက် စွန်းထင်းညစ်ပေနေတဲ့နေရာကို ဆားများ ကပ်ထားတဲ့ သံပုရိုသီးလေးနဲ့ ပွတ်တိုက်ပေးလိုက်ပါ။ အသစ်အတိုင်း တောက်ပြောင်သွားတာကို မြင်တွေ့ရပါလိမ့်မယ်။

သင့်အိမ်ကို ဖုန်မှုန့်များ ကင်းစင်အောင် ကူညီပေးခြင်း

အိမ်သုတ်တဲ့ အဝတ်စတွေကို တစ်ခါကြမ်းတိုက်လိုက် ညစ်ပတ်သွားလို့ နောက်အဝတ်စအသစ်ထုတ်လိုက်ဆို အခြေအနေမဟန်ပါဘူး။ ရှာလကာရည်ထဲ သံပုရိုသီးအခွံတွေ စိမ်ထားလိုက်ပါ။ အိမ်သန့်ရှင်းရေး လုပ်ပြီးသွားတဲ့အခါ ကြမ်းတိုက်ဝတ်ကို ထိုရှာလကာရည်နဲ့ လျှော်ပေးလိုက်ပါ။ ကြမ်းတိုက်ဝတ်ရဲ့ ဖုန်မှုန့်နဲ့ အညစ်အကြေးများကို သံပုရိုသီး ရှာလကာရည်က စုပ်ယူသွားပါလိမ့်မယ်။

ရေခဲသေတ္တာထဲက အနံ့အသက်ဆိုးများကို ဖယ်ရှားပေးခြင်း

ရေမြှုပ်လေးကို သံပုရိုရည်ထဲ ထည့်စိမ်ထားလိုက်ပါ။ ထို့နောက် ထိုရေမြှုပ်ကို ရေခဲသေတ္တာထဲမှာ နာရီအတော်ကြာအောင် ထည့်ထားလိုက်ပါ။ ရေခဲသေတ္တာထဲက မကောင်းတဲ့ အနံ့အသက်တွေကို သံပုရိုရည် ရေမြှုုပ်က စုပ်ယူသွားပါလိမ့်မယ်။

အဝတ်အစားများ ဖြူဖွေးတောက်ပြောင်အောင် ကူညီပေးခြင်း

သံပုရိုရည်၊ ရေနဲ့ ဟိုက်ဒရိုဂျင်ပါအောကဆိုဒ်တို့ကို ရောနှောပြီးနောက် အဝတ်အစားလျှော်ဖွပ်တဲ့အခါ ထိုအရည်ဖြင့် လျှော်ဖွပ်ပေးလိုက်ပါ။ ဒါဆိုရင် ဝါညစ်ညစ်ဖြစ်နေတဲ့ အဝတ်အစားများ အသစ်အတိုင်း ဖြူဖွေးသန့်စင်သွားမှာပဲဖြစ်ပါတယ်။

အင်းဆက်ပိုးမွှားများ ဖယ်ရှားပေးခြင်း

ပုရွက်ဆိတ်နဲ့ အခြားပိုးကောင်လေးတွေ သွားလာနေတဲ့နေရာကို သံပုရိုရည်လေး လောင်းချပေးလိုက်ပါ။ ထိုနေရာသို့ အင်းဆက်ပိုးမွှားတွေ နောက်ထပ်လာတော့မှာ မဟုတ်တော့ပါဘူး။

Source: onegoodthingbyjillee.com