အရွယ်အစားသေးငယ်တဲ့ သံပုယိုသီးတစ်လုံးက သင့်မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်တာကအစ ဦးရေပြားမှာ ဗောက်ထခြင်းအလယ်၊ အဝတ်အစားပေါ်ရှိ အစွန်းအထင်းများ ဖယ်ရှားပေးဖို့အဆုံး ဘက်စုံအသုံးပြုနိုင်တဲ့ အသီးတစ်မျိုးပဲဖြစ်ပါတယ်။

အရွယ် ငယ်ပေမယ့်လည်း အစွမ်းထက်တဲ့ သံပုယိုသီးကို သင့်အိမ်ပတ်ဝန်းကျင်အတွက် ဘယ်လိုအသုံးတည့်မလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ရေခဲသေတ္တာရှိ အနံ့ဆိုးများကို ဖယ်ရှားပေးခြင်း

သံပုယိုသီးကို ထက်ခြမ်းခြမ်းပြီး ရေခဲသေတ္တာထဲ ထည့်ထားပေးရုံနဲ့တင် မကောင်းတဲ့ အနံ့အသက်များကို ဖယ်ရှားပေးနိုင်ပါတယ်။

နောက်တစ်နည်းအနေနဲ့ကတော့ ဝါဂွမ်းစလေးကို သံပုယိုရည်ထဲ ထည့်နှစ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားရမယ့် နည်းလမ်းလေးပါ။

ဒါ့အပြင် ရေခဲသေတ္တာထဲမှာ အနံ့ပြင်းတဲ့ အစားအစာတွေဖြစ်တဲ့ ဂျင်းအနှစ်၊ ထောင်းထားသော ကြက်သွန်အနှစ်၊ ကြက်သွန်နီ (သို့) ပုပ်သိုးနေသောဟင်းရွက်များ သိမ်းဆည်းထားခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

အဝတ်အစားများ စွန်းထင်းသွားခြင်းမှ ကာကွယ်ပေးခြင်း

Source: Mollymaid.com

အင်္ကျီအဝတ်အစားများ အစွန်းအထင်း ပေကျံနေသောနေရာတွင် သံပုယိုသီး ညှစ်ထားလိုက်ပါ။ ထို့နောက် ဆား ပုံထားလိုက်ပါ။ နာရီပိုင်းခန့် ထားပြီးနောက်မှာတော့ အဝတ်လျှော်ဆပ်ပြာဖြင့် ဆေးကြောလိုက်မယ်ဆိုရင် အဝတ်အစားပေါ်မှာ စွန်းထင်းနေတဲ့ အစွန်းအထင်းများ ပျောက်သွားပါလိမ့်မယ်။

ဒါကတော့ ကော်ဖီ၊ ငရုတ်ဆီနဲ့ ဟင်းအနှစ်များ စွန်းထင်းခြင်းအတွက် လွယ်ကူရိုးရှင်းတဲ့ အိမ်တွင်းနည်းလမ်းပဲဖြစ်ပါတယ်။

လှီးထားပြီးသားပန်းသီးများ ညိုမဲသွားခြင်းမှ ကာကွယ်ပေးခြင်း

Source: Chelanfresh.com

ပန်းသီးများကို အရံသင့်စားဖို့အတွက် ကြိုလှီးထားချင်သူများအတွက် ဒီနည်းလမ်းက အသုံးတည့်ပါတယ်။ ရေထည့်ထားသော ပန်းကန်လုံးထဲသို့ သံပုယိုရည်အနည်းငယ် ညှစ်ထည့်လိုက်ပါ။ ထို့နောက် လှီးထားသော ပန်းသီးများကို ထိုရည်ထဲ ထည့်ထားမယ်ဆိုရင် သင့်ရဲ့ပန်းသီးက အချိန်အကြာကြီး လတ်လတ်ဆတ်ဆတ် ဖြစ်နေမှာပဲဖြစ်ပါတယ်။

ဦးရေပြား ဗောက်ထခြင်းကို သက်သာစေခြင်း

ခေါင်းမှာ ဗောက်ထလို့ မရှက်ပါနဲ့တော့။ သံပုယိုရည်ကို ဦးရေပြားပေါ် သုတ်လိမ်းပြီး ၁၀ မိနစ်ခန့် ထားထားလိုက်ပါ။ ပြီးမှ ဗောက်ပျောက် ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်မယ်ဆိုရင် သင့် ခေါင်းပေါ်က ဗောက်တွေ တားတာပြသွားပါလိမ့်မယ်။

ဒါက ဘာ့ကြောင့်လဲဆိုတော့ သံပုယိုသီးထဲမှာပါဝင်တဲ့ အက်ဆစ်ဓာတ်က ဗောက်ထစေတဲ့ မှိုများကို ဖယ်ရှားပေးနိုင်လို့ပဲဖြစ်ပါတယ်။

Source: Femina.in