ကော်ဖီမှုန့်ကနေ ပြုလုပ်ထားတဲ့ ရှူးဖိနပ်များ၊ မှိုကနေ ပြုလုပ်ထားတဲ့ ချည်ထားများက ပုံပြင်တွေထဲမှာပဲ မှော်အတတ်တွေနဲ့ ဖန်တီးနိုင်တာလို့ သင် ထင်ကောင်းထင်နိုင်ပါတယ်။ တကယ်လို့ တိရစ္ဆာန်တစ်ကောင်တစ်လေကိုမှ မထိခိုက်စေဘဲ သားရေပစ္စည်းများ ဖန်တီးလို့ ရတယ်ဆိုတာကိုတော့ ယုံနိုင်ပါ့မလား။

ယခုအခါမှာ ဖက်ရှင်လောကကို လှုပ်ခတ်သွားစေတဲ့အရာကတော့ ပန်းသီးအခွံကနေ ပန်းသီးသားရေ အသုံးအဆောင်ပစ္စည်းများ ဖန်တီးခြင်းပဲဖြစ်ပါတယ်။ ကုမ္ပဏီများကလည်း ထိုပန်းသီးသားရေအပေါ်မှာ စိတ်ဝင်စားမှု အင်မတန်မြင့်မားနေကြပါတယ်။

Source: Thekitchn.com

ကနေဒါလူမျိုး ညီအစ်မနှစ်ယောက် ထောင်ထားသော Samara ဖက်ရှင်ကုမ္ပဏီသည်လည်းပဲ ပန်းသီးအခွံအသုံးပြုပြီး အသုံးအဆောင်ပစ္စည်းတီထွင်ကြတဲ့ ကုမ္ပဏီကြီးတွေထဲက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ သူတို့က ပန်းသီးအခွံကို ဘယ်လိုပြန်လည်အသုံးချပြီး ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်မလဲ။ ပန်းသီးအခွံအသုံးပြုပြီး ပထမဦးဆုံးပန်းသီးသားရေအဖြစ် ထုတ်လုပ်နိုင်အောင် တစ်နှစ်ကြာ ကြိုးစားခဲ့ကြတာပါ။

ဒါပေမဲ့ သူတို့ရဲ့ အင်တာဗျူးထဲမှာတော့ ပလပ်စတစ်ကင်းလွတ်တဲ့ ထုတ်ကုန်အဖြစ် မဖန်တီးနိုင်သေးဘဲ ပလပ်စတစ်ရဲ့အကူအညီကို အနည်းငယ် ယူရသေးတယ်လို့ ဝန်ခံထားပါတယ်။ ဒီလိုပလပ်စတစ်အသုံးပြုမှုကို လျော့ချခြင်းက ပလပ်စတစ်အလွန်အကျွံအသုံးပြုခြင်းထက် ပတ်ဝန်းကျင်အတွက် အကျိုးရှိတာကတော့ ငြင်းဆိုဖွယ်ရာမရှိပါဘူး။

ကုမ္ပဏီတစ်ခုကဆိုရင် ပန်းသီးအခွံနဲ့ သားရေပစ္စည်းပြုလုပ်နည်း လျှို့ဝှက်ချက်ကိုတောင် ဖွင့်ဟပြောကြားထားပါသေးတယ်။ အရင်ဦးဆုံး ပန်းသီးအခွံကို ခွာယူပြီး အခြောက်ခံရပါမယ်။ ထို့နောက် အမှုန့်များထွက်လာအောင် ကြိတ်ရပါမယ်။ ထို့နောက် အဆိပ်အတောက်ကင်းသော အဝတ်အထည်ဆိုးဆေးဖြင့် ရောနှောကာ ပန်းသီးသားရေအဖြစ် ဖန်တီးရမှာပဲဖြစ်ပါတယ်။

အခုဆိုရင် ပန်းသီးသားရေ အသုံးအဆောင်ပစ္စည်းက အနုပညာရှင်တွေကြားထဲသာမက ဗြိတိန်တော်ဝင်မျိုးနွယ်များကြားထဲမှာတောင် နာမည်ကြီးနေတဲ့ ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။

ပန်းသီးသားရေအိတ်ကို ပထမဦးဆုံး စကိုင်တဲ့ နာမည်ကြီးဆယ်လီကတော့ Pamela Anderson ဖြစ်ပြီး သူ(မ) နဲ့ လက်တွဲအလုပ်လုပ်နေတဲ့ ပြင်သစ်နာမည်ကြီးကုမ္ပဏီ Ashoka Paris က လက်ဆောင်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ ထိုအိတ်ကဆိုရင် လူအများရဲ့အာရုံစိုက်ခြင်းကို အတော်လေးခံခဲ့ရပါတယ်။

ဇန်နဝါရီလ ၉ ရက်နေ့မှာလည်း Kate Middleton ရဲ့မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် PETA လို့အမည်ရတဲ့ တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အစည်းက Ashoka Paris မှထုတ်တဲ့ ပန်းသီးသားရေအိတ်လေးကို Kate ထံ မွေးနေ့လက်ဆောင်ပေးခဲ့ပါသေးတယ်။ လက်ဆောင်ပေးရခြင်းရည်ရွယ်ချက်ကတော့ လူအများက Kate လိုပဲ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုကို ဆန့်ကျင်ဖို့နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ဖို့ပဲဖြစ်ပါတယ်။

စာဖတ်သူတို့ရော ပန်းသီးအခွံနဲ့ ပြုလုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေအပေါ် မိမိအမြင်ကို ဝေမျှခဲ့ဦးနော်။

Source: Brightside.me