သွေးတိုးသမားများ သွေးတိုးနေတဲ့အချိန်မှာ ခန္ဓာကိုယ်ထဲက သွေးတွေက ခက်ခက်ခဲခဲနဲ့ညှစ်ထုတ်နေရတဲ့အချိန်ပဲဖြစ်ပါတယ်။ ထိုအချိန်မှာ မောပန်းခြင်း၊ ခေါင်းကိုက်ခြင်းနှင့် နှလုံးခုန်မမှန်ခြင်း စတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။

လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်းကတော့ သွေးလှည့်ပတ်မှုကို ပုံမှန်ဖြစ်စေပြီး အငန်ဓာတ်များသော အစားအစာများကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ သင့်အနေနဲ့ သွေးတိုးရောဂါ ခံစားရခြင်းမှ ကင်းဝေးချင်တယ်ဆိုရင် အခုဖော်ပြပေးမယ့် အစားအစာလေးတွေကို ရှောင်ကြဉ်သင့်ပါတယ်။

စွမ်းအားဖြည့်အချိုရည်များ

စွမ်းအားဖြည့်အချိုရည်ထဲမှာပါဝင်တဲ့ ကာဖိန်းဓာတ်တွေက သွေးလှည့်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပြီး သွေးတိုးရောဂါကို ပိုမိုဆိုးရွားလာစေပါတယ်။

ပီဇာ

ပီဇာထဲမှာ ချိစ်နဲ့ အငန်ဓတ်များသော ခရမ်းချဉ်သီးဆော့စ်များ အများအပြားပါဝင်တာကြောင့် ပီဇာတစ်ချပ်ကလေး စားမိတယ်ဆိုရင်တော့ သွေးတိုးက ဆောင့်တက်လာနိုင်ပါတယ်။

ကြာရှည်ခံအောင် ပြုလုပ်ထားသော အသားများ

လတ်လတ်ဆတ်ဆတ်အသားများကတော့ ကျန်းမာရေးနဲ့ အညီညွှတ်ဆုံးပဲဖြစ်ပါတယ်။ ဓာတုဆေးဝါးများနဲ့ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အသားများထဲမှာတော့ ခေါင်းကိုက်စေပြီး သွေးကြောပိတ်စေတဲ့ ပြည့်ဝဆီများနဲ့ ဆိုဒီယမ်ဓာတ်များ ပါဝင်ပါတယ်။

အသင့်စားခေါက်ဆွဲထုပ်များ

အသင့်စား ခေါက်ဆွဲများက မိနစ်အနည်းငယ်လောက်နဲ့တင် အရသာရှိရှိစားသုံးနိုင်တာကြောင့် အလုပ်များတဲ့သူတွေ အကြိုက်တွေ့ကြတဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ သွေးတိုးသမားတွေကတော့ ရှောင်ကြဉ်သင့်ပါတယ်။

ဝက်သားပြားများ

ဝက်သားပြားထဲမှာ ပါဝင်တဲ့ပြည့်ဝဆီနဲ့ ဆိုဒီယမ်ပမာဏများက သွေးဖိအားကို မြင့်တက်စေတာကြောင့် ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတစ်ခုတော့ မဟုတ်ပါဘူး။

အာလူးကြော်များ

အာလူးကြော်ထဲမှာလည်း ပြည့်ဝဆီနှင့် ဆိုဒီယမ်များ များပြားစွာပါဝင်ပါတယ်။ ထိုအာလူးကြော်များကို ဆီထဲတွင် ထပ်တလဲလဲကြော်ထားတာကြောင့် သွေးတိုးသမားများအနေနဲ့ မစားသုံးသင့်ပါဘူး။

ကြက်အရေခွံ

အချို့သူတွေက ကြက်အရေခွံကို ထောပတ်၊ ဆီတို့ဖြင့် ကြွပ်နေအောင် ကြော်စားလေ့ရှိကြပါတယ်။ ကြက်အရေခွံထဲမှာ ပြည့်ဝဆီများ အလွန်အကျွံပါဝင်တဲ့အပြင် ဆီတော်တော်များများကို ကြက်အရေခွံက စုပ်ယူပစ်လိုက်ပါတယ်။

မြေပဲထောပတ်

မြေပဲထောပတ်ထဲမှာ ဆားအမြောက်အမြားပါဝင်လိမ့်မယ်လို့ သင် ထင်နေပါလိမ့်မယ်။ ဒါပေမဲ့ သင့်ကို တကယ်တမ်းဒုက္ခပေးနေတဲ့အရာကတော့ မြေပဲထောပတ်ထဲမှာပါဝင်တဲ့ ပြည့်ဝဆီပဲဖြစ်ပါတယ်။ သင့်ရဲ့သွေးကြောလေးများကို ပိတ်ဆို့စေပါတယ်။

ကော်ဖီ

ကော်ဖီထဲမှာ ပြည့်ဝဆီနဲ့ ဆားတို့ မပါဝင်ပေမယ့် သွေးတိုးရောဂါကို အခြေအနေဆိုးရွားလာစေတဲ့ ကာဖိန်းဓာတ်များပါဝင်ပါတယ်။ ထိုကာဖိန်းဓာတ်က လူကို တက်ကြွနေစေပြီး သောက်သုံးမိပါက နှလုံးထဲမှ သွေးများများညှစ်ထုတ်ပေးဖို့ လိုနေပါတယ်။

Source: Luxxory.com