ထိခိုက်ပွန်းပဲ့ဒဏ်ရာများ လူတိုင်း ကြုံတွေ့နေရတဲ့ အသေးအမွှားဒဏ်ရာတစ်ခုပဲဖြစ်ပါတယ်။ ကလေးတွေဆိုရင်လည်း ပြေးလွှားဆော့ကစားရင်းနဲ့ ချော်လဲတတ်ကြသလို လူကြီးများအနေနဲ့လည်း အလုပ်များလွန်းလို့ သတိမထားမိဘဲ ချော်လဲကျတာမျိုး၊ ဟင်းချက်နေရင် လက်ရှသွားတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒဏ်ရာအရွယ်အစား အကြီးအသေးပေါ် မူတည်ပြီး ဒဏ်ရာအသေးအဖွဲလေးပဲဆိုရင်တော့ မိမိအိမ်မှာပဲ အိမ်တွင်းဆေးနည်းလေးတွေနဲ့ပဲ ကုသလေ့ရှိကြပါတယ်။ အချို့ဒဏ်ရာကလည်း ပျောက်တာမြန်သလို အချို့ကလည်း အချိန်တော်တော်ကြာမှ ပျောက်ကင်းပြီး အမာရွတ်များ ကျန်နေတတ်ပါတယ်။

ဒီဆောင်းပါးလေးထဲမှာကတော့ ထိခိုက် ပွန်းပဲ့ဒဏ်ရာများ ရရှိလာပါက အိမ်တွင်းဆေးနည်းလေးတွေနဲ့ ဘယ်လိုကုသနိုင်မလဲဆိုတာကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

ရှာလကာရည်

ရိုးရိုးရှာလကာရည် (သို့) ပန်းသီးရှာလကာရည်အနည်းငယ်ကို ရေနွေးနွေး စားပွဲတင်ဇွန်း ၅ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ဒဏ်ရာပေါ် လိမ်းကျံကာ နှိပ်နယ်ပေးလိုက်ပါ။ (သို့) ဂွမ်းစလေးကို ထိုအရည်ထဲ နှစ်ပြီးနောက် အနာပေါ် ပုံထားပေးလို့လည်း ရပါတယ်။

ဒီဆေးနည်းလေးကတော့ ထိခိုက်ဒဏ်ရာကြောင့် သွေးခဲသွားခြင်းမှ ကာကွယ်ပေးပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေကာ အနာကျက်မြန်စေပါတယ်။

နံနံပင်

နံနံပင်အနည်းငယ်ကို ညှက်အောင် ထောင်းလိုက်ပါ။ ထို့နောက် ဒဏ်ရာပေါ် ပုံထားကာ ပတ်တီးဖြင့် စည်းနှောင်ထားလိုက်ပါ။ ၇ မိနစ်၊ ၈ မိနစ်ခန့်ကြာမှ ပတ်တီး ဖြည်ပေးလိုက်ပါ။

နံနံပင်က ရောင်ရမ်းနာကျင်ခြင်းမှ ကာကွယ်ပေးပြီး ဒဏ်ရာကြောင့် အသားအရေ ညိုမဲသွားခြင်းကို သက်သာစေကာ အရောင်လျော့စေပါတယ်။

ဂျင်း

ဂျင်းကို အခွံမခွာဘဲ ခပ်ပါးပါးလှီးကာ ထောင်းလိုက်ပါ။ ထို့နောက် ဒဏ်ရာပေါ် အုပ်ထားပေးကာ ပလာစတာ (သို့) ပတ်တီး (သို့) သန့်စင်သော အဝတ်စဖြင့် ပတ်ထားလိုက်ပါ။ တစ်ညခန့် အုံထားပေးပါက သိသာထင်ရှားတဲ့ အကျိုးရလာဒ်ကို မြင်တွေ့နိုင်ပါတယ်။

သင်္ဘောသီး

အင်းဆက်ကိုက်ခံရခြင်း၊ အတုပ်ခံရခြင်းကြောင့် ဖြစ်ပွားတဲ့ ဒဏ်ရာအနာတရများကိုတော့ သင်္ဘောသီးဖြင့် ကုသနိုင်ပါတယ်။ သင်္ဘောသီးစိပ် တစ်ခုကို ဒဏ်ရာပေါ် တစ်နာရီခန့် အုံထားပေးလိုက်ပါ။ အကောင် ကိုက်ခံရတာနဲ့ တပြိုင်နက် ချက်ချင်း အုံထားပေးဖို့တော့ လိုပါတယ်။

သင်္ဘောသီးထဲမှာ ပါဝင်တဲ့ အင်ဇိုင်းဓာတ်က အသားထဲမှာ စိုက်နေတဲ့ အဆိပ်အတောက်များကို စုပ်ယူပေးပြီး အရောင်ကျစေပါတယ်။

ကြက်သွန်နီနှင့် ကြက်သွန်ဖြူ

တစ်စုံတစ်ခုနဲ့ တိုက်မိလိုက်တာနဲ့တပြိုင်နက် ကြက်သွန်နီကို ထက်ခြမ်းခြမ်းပြီး ဒဏ်ရာပေါ် ပွတ်တိုက်ပေးလိုက်ပါ။ ဒါမှမဟုတ် ကြက်သွန်ဖြူကို ထောင်းပြီး ဒဏ်ရာပေါ် အုံထားပေးလိုက်ပါ။

ကြက်သွန်ဖြူ၊ ကြက်သွန်နီများက ရောင်ရမ်းမှုကို လျော့ချပေးကာ ဆဲလ်အသစ် ပြန်လည်ထုတ်လုပ်ပေးဖို့ ကူညီပေးပါတယ်။

Source: Stylecraze.com