မင်္ဂလာပါ ပျိုမေတို့ရေ… မိန်းကလေးတော်တော်များများကတော့ ဗိုက်မှာအဆီတွေစုနေတာမျိုးကို တော်တော်လေးမုန်းတတ်ကြပါတယ်။ ခန္ဓာကိုယ်နဲ့ fit ဖြစ်နေစေမယ့်အဝတ်အစားမျိုးတွေဝတ်ရင် ဒီလိုမျိုးအဆီအခေါက်တွေကြောင့် အရမ်းကိုစိတ်ညစ်ရတယ်ဆိုတာကို နားလည်ပေးလို့ရပါတယ်။ ဒါကြောင့် မှန်ကန်တဲ့စားသောက်ပုံနည်းလမ်းတွေကို လိုက်နာလိုက်မယ်ဆိုရင်တော့ ၂ ပတ်အတွင်းမှာပဲ သိသာတဲ့ရလဒ်တွေကို ရရှိလာမှာပဲဖြစ်ပါတယ်။

မနက်ခင်းတွေကို စောစောထပေးဖို့လိုအပ်ပါလိမ့်မယ်။ ဟုတ်ပါတယ် လူတိုင်းကတော့ အိပ်ယာနောက်ကျမှထရလေ ပိုကြိုက်လေပါပဲ။ ဒါပေမယ့် ကျန်းမာရေးအတွက်ရော၊ ခန္ဓာကိုယ်အတွက်ပါ မနက်စောစောထတာက တကယ်ကိုကောင်းမွန်တဲ့အကျင့်လို့ ပြောလို့ရတာပေါ့။ မနက်ပိုင်းမှာ စောစောထမယ်ဆိုရင် လေ့ကျင့်ခန်းလုပ်ဖို့အချိန်ရပြီး ကျန်းမာရေးနဲ့သင့်တော်တဲ့ မနက်စာမျိုးကို ပြင်ဆင်နိုင်ဖို့ ပိုပြီးတော့ အခွင့်အရေးများသွားတာပေါ့။

အဆီများတဲ့အစားစာတွေကို စားတာကိုဆင်ခြင်ဖို့လိုပါလိမ့်မယ်။ အဆီများတဲ့အစားစာက ဗိုက်မှာအဆီတွေကိုဖြစ်စေရုံသာမကပဲ နှလုံးအဆီဖုံးတာတွေ၊ နှလုံးသွေးကြောကျဉ်းတာတွေကို ဖြစ်စေနိုင်တယ်လို့ လေ့လာမှုတွေအရလည်း သိရပါတယ်။ ဒါကြောင့် တတ်နိုင်သလောက်အဆီကိုလျော့ပြီး စားကြဖို့လိုပါတယ်။

ထမင်းစားရင် ကြက်သွန်ဖြူကိုပါထည့်ပြီးတော့ စားဖို့အကျင့်လုပ်ပါ။ ကြက်သွန်ဖြူစားရင် ခံတွင်းနံ့ကို ဆိုးရွားစေတယ်ဆိုပေမယ့် အစာချေစနစ်ကိုလည်း ကောင်းမွန်စေနိုင်ပြီး ကျန်းမာရေးကိုလည်းအများကြီး အထောက်အကူဖြစ်စေပါတယ်။ ကြက်သွန်ဖြူစားပြီးသွားရင်တော့ သွားတိုက်ပေးဖို့မမေ့နဲ့ပေါ့။

ငါးစားပြီးတော့ ဗိုက်ဖြည့်ပါ။ ငါးကိုများများစားလည်း အဆီတက်တာမျိုးတွေမရှိတာကြောင့် ဝိတ်ချချင်တဲ့သူတွေအတွက် ဗိုက်ပြည့်အောင် စားပေးလို့ ရတာပေါ့။ ငါးမှာပရိုတင်းဓာတ်တွေလည်း များစွာပါဝင်နေပြီး ကယ်လိုရီလည်းနည်းတော့ စားပေးဖို့အဆင်ပြေပါတယ်။

အဆာပြေစားချင်တဲ့အချိန်မျိုးတွေမှာဆိုရင်လည်း တခြားအစားစာတွေထက် အသီးအရွက်တွေကို စားပေးရင်အကောင်းဆုံးပါ။ တစ်ခြားတွေကို စားတာထက် အသီးအနှံတွေကိုပဲ စားပေးမယ်ဆိုရင် အဆီလည်းမတက်တော့ပဲ ဗိုက်မှာရှိနေတဲ့အဆီတွေကို လျော့စေဖို့လည်း အထောက်အကူ ဖြစ်စေမှာပါ။

ခဏခဏမုန့်ဝယ်တာမျိုးတွေကို ဆင်ခြင်ဖို့လိုပါတယ်။ အိမ်မှာစားချင်တဲ့မုန့်တွေ အရမ်းများနေပြီဆိုရင် သေချာတယ်ဘယ်တော့မှဝိတ်ကျတော့မှ မဟုတ်ဘူး။ မုန့်ဆိုတာမျိုးက ရှိနေရင်ပိုစားချင်တာဆိုတော့ အိမ်မှာမုန့်တွေ ပေါများနေလို့မရဘူးလေ။

ဒီလိုအချက်တွေက စဉ်းစားကြည့်ရင် ဘာမှမဟုတ်လောက်ဘူးလို့ထင်ရပေမယ့် လက်တွေ့မှာတော့ အရမ်းကိုထိရောက်မှုရှိတဲ့ နည်းလမ်းကောင်းလေးတွေပဲဖြစ်ပါတယ်။

Photo Source: Eat This