ဗလတောင့်တင်းပြီး ကြွက်သားအဖုအထစ်များနဲ့ ကြည့်ကောင်းချင်သူများအတွက် လိုက်နာကျင့်သုံးနိုင်တဲ့ နည်းလမ်းနှစ်မျိုးရှိပါတယ်။ ပထမနည်းလမ်းလေးကတော့ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်းဖြစ်ပြီး အခြားတစ်နည်းကတော့ ကြွက်သားဖွံ့ဖြိုးစေမယ့် အစားအစားများ စားသုံးခြင်းပဲဖြစ်ပါတယ်။

ထိုနည်းလမ်းနှစ်မျိုးကို လိုက်နာကျင့်သုံးမယ်ဆိုရင်တော့ ထိရောက်မှုရှိတဲ့အကျိုးရလဒ်များကို အချိန်တိုအတွင်း မျက်ဝါးထင်ထင်တွေ့မြင်နိုင်ပါတယ်။ တကယ်လို့ သင့်ရဲ့ပန်းတိုင်က ကြွက်သားများ တောင့်တင်းဖွံ့ဖြိုးဖို့အတွက်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အစားအစာများကို မှန်မှန်စားသုံးပေးလိုက်ပါ။

ဥအမျိုးမျိုး

ကြက်ဥ၊ ဘဲဥတွေထဲမှာ မြင့်မားတဲ့ ပရိုတင်းဓာတ်များ ပါဝင်တဲ့အပြင် ကျန်းမာစေတဲ့ အဆီဓာတ်၊ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် ကြွက်သားဖွံ့ဖြိုးဖို့အတွက် အရေးကြီးတဲ့ အမိုင်နိုအက်ဆစ်ဓာတ်များလည်း ပါဝင်တာကြောင့် ကြက်ဥ စားသုံးပေးခြင်းက ကြွက်သားများ တောင့်တင်းသန်မာစေပါတယ်။

ကြက်ရင်အုံသား

ကြွက်သားများ သန်မာတောင့်တင်းချင်သူများအနေနဲ့ ကြက်သားရဲ့ အခြားအစိတ်အပိုင်းများထက် ကြက်ရင်အုံသားကို ဦးစားပေး စားသုံးသင့်ပါတယ်။ ကြက်ရင်အုံသားထဲမှာ ဗီတာမင်ဘီ၊ ဗီတာမင် B6 တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုဗီတာမင်များက အားကစားပြုလုပ်ခြင်းကြောင့် ကုန်ဆုံးသွားတဲ့ အားအင်များကို ပြန်လည်ဖြည့်တင်းပေးတာကြောင့် ကြွက်သားများ နာကျင်ကိုက်ခဲခြင်းကို သက်သာစေပါတယ်။

တူနာငါး

တူနာငါးထဲမှာ ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင် B12 ၊ ဗီတာမင် B6 စတဲ့ ဗီတာမင်ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုအာဟာရဓာတ်များက စွမ်းအင်များကို ပြည့်ဝစေပြီး အားကစားစွမ်းဆောင်ရည်မြင့်မားလာအောင် ကူညီပေးပါတယ်။ ဒါ့အပြင် အိုမီဂါသရီး ဖက်တိအက်ဆစ်ဓာတ်များက ကြွက်သားကျန်းမာရေးအတွက် အထောက်အပံ့ပေးပါသေးတယ်။

ပုစွန်

ပုစွန် ၃ အောင်စခန့်မှာ ပရိုတင်းဓာတ် ၁၈ ဂရမ်၊ အဆီဓာတ် ၁ ဂရမ်နဲ့ ကယ်လိုရီဓာတ် သုညဂရမ်တို့ အသီးသီးပါဝင်ပါတယ်။ ဒါ့ကြောင့် အဆီမတက်ချင်သူများ ကယ်လိုရီမတက်ချင်သူများအနေနဲ့ ပုစွန်ကို ဟင်းတစ်မျိုးအနေနဲ့ မဖြစ်မနေ ထည့်သွင်းစားသောက်သင့်ပါတယ်။

နွားနို့

နွားနို့ကို ဘယ်လို လူတွေ အဓိက သောက်သုံးသင့်သလဲ

နွားနို့က ပရိုတင်းဓာတ်၊ ကာဘိုဟိုက်ဒြိုက်ဓာတ်နဲ့ သဘာဝအဆီဓာတ်များကို ထောက်ပံ့ပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ ကြွက်သားထု တင်ချင်သူများအနေနဲ့ နွားနို့သောက်ပေးမယ်ဆိုရင် အချိန်တိုအတွင်း ကြွက်သားများ ကြီးထွားဖွံ့ဖြိုးလာနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

Source: healthline.com