စစ်မှန်တဲ့ အရည်အချင်းအပြင် ပါးနပ်တဲ့အပြုအမူကလည်း သင့်ကို အလုပ်အကိုင်အခွင့်အလမ်း ပေါများစေပါတယ်။ အစာအာဟာရ မှန်ကန်စွာ ရွေးချယ်စားသုံးခြင်းက သင့်ကို စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းစေတဲ့အတွက် အလုပ်အင်တာဗျူးအတွက်ဖြစ်စေ၊ အစည်းအဝေးတက်ရောက်ရာမှာဖြစ်စေ အဆင်ပြေချောမွေ့စေပါတယ်။ အလုပ်အင်တာဗျူး မတိုင်ခင်နေ့တွေမှာ မှီဝဲစားသုံးသင့်တဲ့ အစာအာဟာရတွေကတော့
Fatty Acids (Omega 3) – ဦးနှောက်တွင်းရှိ ဆဲလ်အမြှေးများကို ဖွံဖြိုးစေပြီး၊ ဆဲလ်အသစ်ဖြစ်ပေါ်ရာမှာ အထောက်အပံ့ပေးတဲ့အတွက် ဉာဏ်ရည်ဖျတ်လတ်စေပါတယ်။ ဒါ့ကြောင့် မေးခွန်းတွေဖြေဆိုရာမှာ အလျင်အမြန်အလွယ်တကူ စဉ်းစားဖြေဆိုစေနိုင်တယ်။ ဆာလမွန်ငါး၊ ဥများနှင့် ကိုက်လန်ရွက်တို့ထဲမှာ Fatty Acid ပါဝင်ပါတယ်။
ဗီတာမင်B အုပ်စု– ဗီတာမင်ဘီ အုပ်စုဟာ အိပ်မပျော်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုမရှိခြင်းတို့ကို ပြေပျောက်စေသည့်အပြင် စိတ်ခွန်အားနှင့် စိတ်အားထက်သန်မှုကိုလည်း မြှင့်တင်ပေးပါတယ်။ ပဲများ၊ ပန်းဂေါ်ဖီစိမ်း (Broccoli)၊ ဟင်နုနယ်နှင့် အသားများကို မှီဝဲစားသုံးခြင်းအားဖြင့် ဗီတာမင်ဘီ ကိုအလုံအလောက် ရရှိစေမှာ ဖြစ်ပါတယ်။
ကောက်နှံပင်မှရရှိသော အစေ့အဆံများ – သွေးလမ်းကြောင်းထဲသို့ ဂလူးကိုးစ်ကို ဖြည်းညင်းစွာ ထုတ်လွှတ်ပေးတဲ့အတွက် စိတ်နိုးကြားမှုကိုဖြစ်ပေါ်စေတဲ့အပြင် အာရုံစူးစိုက်မှုကိုလည်း အားကောင်းစေပါတယ်။
ကော်ဖီ– အသင့်အတင့်ပဲသောက်သုံးပါ။ ကော်ဖီသောက်ခြင်းအားဖြင့် ပင်ပန်းမှုလျော့နည်းပြီး ပိုမိုလန်းဆန်းစေပေမယ့် အလွန်အကျွံသောက်သုံးခြင်းက စိတ်အလှုပ်ရှားလွန်ပြီး စိုးရိမ်ကြောင့်ကြမှုကိုဖြစ်ပေါ်စေတတ်ပါတယ်။
ရှောင်ရှားသင့်တဲ့ အစားအစာတွေကတော့
ကာဗိုဟိုက်ဒြိတ်– ကာဗိုဟိုက်ဒြိတ် ပါဝင်တဲ့ အာလူး၊ ပေါင်မုန့်နှင့် Pasta တို့ကို အလွန်အကျွံစားသုံးခြင်းက လေးလံထုံမှိုင်းကာ အိပ်ငိုက်စေတဲ့အတွက် သတိပြုသင့်ပါတယ်။
အနံ့ စူးသော အစားအစာများ – ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် တခြားအနံ့စူးသော အစားအစာတွေဟာ ခံတွင်းကို နံစေတဲ့အပြင် ချွေးနံ့နံစေမယ့် အတွက်လည်း အင်တာဗျူးမဖြေမီ တစ်ရက်အလိုကတည်းက မစားမိစေပါနဲ့။
ရေ– လူ့ခန္ဓာကိုယ်အတွက် ရေဓာတ်ဟာ မရှိမဖြစ်လိုအပ်တယ် ဆိုပေမယ့် အင်တာဗျူးမတိုင်မီ ရေအလွန်အကျွံသောက်ခြင်းက အိမ်သာကိုမကြာခဏသွားစေတတ်ပါတယ်။ အကယ်၍ ခံတွင်းခြောက်မှာစိုးရိမ်ရင်တော့ အင်တာဗျူးဖြေခါနီး ရေတစ်ခွက်ကြိုတောင်းထားပါ။