ဆေးလိပ်က အဆုတ်ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အပြင် တခြား ကိုယ်အင်္ဂါတွေကိုလည်း ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ်။

ဒါ့ကြောင့် ဆေးလိပ်မသောက်တာကတော့ ကျန်းမာရေးအတွက် အကောင်းဆုံးပါဘဲ။ ဒါပေမယ့် ဆေးလိပ်ကိုလည်း မဖြတ်နိုင်သေးသူတွေအတွက် ကျန်းမာရေးကို အရမ်းမထိခိုက်အောင် ဆေးလိပ်သောက်ပြီးရင်း စားပေးသင့်တဲ့ အဆုတ်အားကောင်းစေတဲ့ ဗီတာမင် ဓာတ်များကို ပြောပြပေးချင်ပါတယ်။

ဗီတာမင် C

ဆေးလိပ်က ခန္ဓာကိုယ်ထဲက ဗီတာမင် C ဓာတ်ကို ၂၅ ရာခိုင်နှုန်း လျော့ကျစေပါတယ်။ ဒါ့ကြောင့် ဗီတာမင် C ဓာတ်ကို ပြန်လည် ဖြည့်တင်းဖို့ လိုအပ်ပါတယ်။

ဗီတာမင် C ဓာတ်လျော့နည်းရင် အရေးအကြောင်းတွေ များလာမယ်၊ အိပ်မရဖြစ်မယ်၊ ခန္ဓာကိုယ်မှာ နာကျင်၊ ရောင်ရမ်းတာတွေဖြစ်လာပါမယ်။

ဗီတာမင် C ဓာတ်များတဲ့ အသီးများမှာ ကီဝီသီး၊ သံပုရာသီး၊ Grapefruit နဲ့ နာနတ်သီးတို့ ဖြစ်ပါတယ်။

ဆေးလိပ်သောက်နေရင် ဗီတာမင် C ဓာတ်ရတဲ့ အစားအစာတွေကို သာမန်လူတွေထက် ၃ ဆလောက် ပိုစားသင့်ပြီး ဆေးလိပ်ဖြတ်ရင်လည်း ဗီတာမင် C ဓာတ်က နီကိုတင်း စွဲလန်းမှုကို သက်သာစေပါတယ်။

ဗီတာမင် A

ဗီတာမင် A ဓာတ်လျော့နည်းရင် ကိုယ်ခံအားကျဆင်းပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်ပွားနိုင်ပါတယ်။

ဗီတာမင် A ဓာတ်ကြွယ်ဝတဲ့ အသီးအနှံများမှာ ဆီးသီး၊ ဗရုံသီး၊ သရက်သီး၊ ဖရဲသီး၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ နဲ့ ပန်းဂေါ်ဖီစိမ်း တို့ဖြစ်ပါတယ်။

ဗီတာမင် E

ဗီတာမင် E က အဆုတ်မှာ အကြိတ်တွေ မဖြစ်အောင်၊ လျော့နည်းအောင် ကာကွယ်ပေးပါတယ်။

ဗီတာမင် E ပါဝင်တဲ့ အစားအစာများမှာ

မြေပဲ၊ အုံးသီး၊ Cereals ၊ ထမင်း၊ ပဲ၊ ပန်းဂေါ်ဖီစိမ်း၊ ပေါင်မုန့် တို့ဖြစ်ပါတယ်။

ဗီတာမင် B9

Folic အက်ဆစ်လို့ ခေါ်တဲ့ ဗီတာမင် B9 က သွေးဆဲလ်တွေကို ဖန်တီးရာမှာ အရေးပါပါတယ်။ အသားအရေကိုလည်း ကြည်လင်အေးမြစေပါတယ်။

ဗီတာမင် B9 ဓာတ်ကြွယ်ဝတဲ့ အစားအစာများမှာ ထောပတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပဲပုပ်၊ အခွံမာအသီး၊ စတော်ဘယ်ရီသီး၊ သံပုရာသီး၊ မုန်လာဥနီ၊ ဗရုံသီး စသည်တို့ဖြစ်ပါတယ်။