သင်က သစ်ပင်စိုက်ပျိုးရတာ ဝါသနာပါတဲ့သူတစ်ယောက်လား။ သင့်ရဲ့မီးဖိုချောင်ကို သစ်ပင်ပန်းမာန်လေးတွေနဲ့ အလှဆင်ချင်ပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် အပင်လေးတွ စိုက်ပျိုးကြည့်လိုက်ပါ။

သင့်ရဲ့မီးဖိုချောင်အတွက်သာမက ဟင်းချက်ပြုတ်ရာမှာလည်း အထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်။

ဆလပ်ရွက်

ဆလပ်ရွက်စိုက်ပျိုးရတာတော့ အလွယ်ကူဆုံးအရာပဲဖြစ်ပါတယ်။ ရေထည့်ထားသော ဖန်ပုလင်းထဲသို့ ဆလပ်ရွက်ရဲ့ အဖြူရောင်အမြစ်လေး ထည့်ထားလိုက်ပါ။ ထိုအပင်ကို နေရောင်အောက်မှာ ထားထားလိုက်ပါ။ ဆလပ်ရွက်က ခြောက်သွေ့မသွားဖို့ရန်အတွက် နေ့စဉ်မှန်မှန် ရေနဲ့ ဖြန်းပေးရပါမယ်။

ရက်အနည်းငယ်ကြာတဲ့အခါ အမြစ်အသစ်များ ထွက်လာတာကို တွေ့ရပါလိမ့်မယ် တစ်ပတ်ကြာတဲ့အခါ ထိုအရွက်ကို ဖန်ပုလင်းထဲက ထုတ်ပြီး မြေကြီးထဲမှာ စိုက်ပျိုးပေးလိုက်လို့ရပါပြီ။ ဖန်ပုလင်းထဲ မထည့်ဘဲ မြေကြီးထဲမှာ တိုက်ရိုက်စိုက်ပျိုးလို့ရပေမယ့် ထိုကဲ့သို့ တိုက်ရိုက်စိုက်မယ်ဆိုရင်တော့ ရေများများ လောင်းပေးဖို့ လိုပါတယ်။

ဂျင်း

အမြစ်ထွက်ပြီးသား ဂျင်းတုံးကို မြေကြီးထဲ ထည့်ပြီး စိုက်ပျိုးပေးလိုက်ပါ။ ဂျင်းက အလင်းရောင်လိုအပ်ပေမယ့် နေနဲ့ တိုက်ရိုက်မထိတွေ့ခိုင်းပါနဲ့။ နေ့စဉ်မှန်မှန်ရေလောင်းပေးဖို့လည်း မမေ့ပါနဲ့။ ရက်အနည်းငယ်ကြာတဲ့အခါ အမြစ်အသစ်များ ပေါ်ထွက်လာတာကို တွေ့ရပါလိမ့်မယ်။ အဲ့ဒီအခါ မိမိလိုချင်သလောက် လှီးဖြတ်ပြီးနောက် ဟင်းချက်ရာမှာ အသုံးပြုနိုင်ပါတယ်။

စပါးလင်

စပါးလင်းရဲ့ အမြစ်က ရေအနည်းငယ်သာ လိုအပ်ပြီး နေရောင်ခြည်လည်း အနည်းငယ်ပဲ လိုအပ်ပါတယ်။ စပါးလင်အမြစ်ကို စိုက်ပျိုးပြီးသွားတဲ့အခါ တစ်ပတ်အကြာမှာ အရွက်အသစ်များ ထပ်မံပေါ်ထွက်လာပါလိမ့်မယ်။ တစ်ပတ်ကြာတဲ့အခါ ပန်းအိုးအကြီးတစ်လုံးထဲမှာ ပြောင်းပြီး စိုက်ပျိုးပေးလိုက်ပါ။ ရိုးတံများ ၁၂ လက်မခန့် ရှည်ထွက်လာတဲ့အခါ မြေကြီးပေါ်မှာ ပေါ်နေတဲ့ စပါးလင်မှန်သမျှကို ဓား (သို့) ကတ်ကြေးနဲ့ ဖြတ်လိုက်ပါ။ ရိုးတံအသစ်များ ထပ်မံပေါ်ထွက်လာမှာမို့လို့ စိတ်ပူစရာမလိုပါဘူး။

ကြက်သွန်မြိတ်

စိုက်ပျိုးရအလွယ်ကူဆုံး ဟင်းသီးဟင်းရွက်ထဲမှာ ကြက်သွန်မြိတ်လည်း ပါပါတယ်။ ဟင်းချက်တဲ့အခါ အသုံးမပြုတဲ့ ကြက်သွန်မြိတ်ရဲ့ ပင်စည်အောက်ခြေပိုင်းကို ရေအနည်းငယ်ထည့်ထားတဲ့ ခွက်ထဲ ထည့်ထားလိုက်ပါ။ ထို့နောက ်နေရောင်အနည်းငယ် ပြပေးလိုက်ပါ။

တစ်ပတ်တစ်ကြိမ်ခန့် ရေဖြန်းပေးဖို့လည်း မမေ့ပါနဲ့။ ကြက်သွန်မြိတ်က အရမ်းကြီး ဂရုစိုက်စရာမလိုတဲ့ အပင်တစ်မျိုးဖြစ်တဲ့အတွက် အလုပ်ရှုပ်မှာလည်း မဟုတ်ပါဘူး။

ပင်စိမ်းရွက်

ပင်စိမ်းရွက်ရဲ့အစေ့ကို ပန်းအိုးအသေးထဲ ထည့်ပြိး စိုက်ပျိုးထားလိုက်ပါ။ ပင်စိမ်းရွက်က ရေတွေ အိုင်ထွန်းနေတဲ့ မြေဆီလွှာကို မနှစ်သက်တာကြောင့် ရေလောင်းတဲ့အခါ စပရေးဘူးကို အသုံးပြုပေးရပါမယ်။ နှစ်ပတ်ကြာတဲ့အခါ အစေ့ကနေ အညှောင့်လေးတွေ ထွက်လာတာကို တွေ့မြင်ရပါလိမ့်မယ်။ တစ်ခုသတိထားရမယ့်အချက်ကတော့ ပင်စိမ်းရွက်က နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ရတာ မကြိုက်တဲ့အတွက်ကြောင့် အရိပ်ရတဲ့နေရာမှာ ထားထားရပါမယ်။

Source: Brightside.me