သောကြာနေ့ညမှာ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး စားသောက်ကြတဲ့အခါ မရှိမဖြစ် လိုအပ်တဲ့အရာတစ်ခုကတော့ ဘီယာပဲဖြစ်ပါတယ်။ တန်ဆေး လွန်ဘေးဆိုတဲ့စကားအတိုင်း ဘီယာကို စည်းစနစ်တကျ သောက်သုံးမယ်ဆိုရင်တော့ နှလုံးရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း၊ စိတ်ဖိစီးမှုများကို လျော့ချပေးခြင်း၊ အရိုးအဆစ်များကို သန်မာစေခြင်း အစရှိတဲ့ ကောင်းကျိုးများအပြင် မှတ်ဉာဏ်စွမ်းအား ကောင်းမွန်စေခြင်း အစရှိတဲ့ အကျိုးကျေးဇူးများကို ရရှိပိုင်ဆိုင်စေပါတယ်။

ဒီလိုမျိုး တစ်ဖက်တစ်လမ်းကနေ ကောင်းကျိုးပေးတဲ့ဘီယာက သောက်သုံးဖို့တစ်ခုတည်းအတွက်တင်မဟုတ်ပါဘူး။ မီးဖိုချောင်နဲ့ မိမိအိမ်ပတ်ဝန်းကျင်အတွက်လည်း ဘက်စုံအသုံးပြုနိုင်ပါသေးတယ်။ ဘယ်လိုမျိုး ဘက်စုံအသုံးပြုနိုင်မလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်အကြောင်းအရာလေးတွေကို အတူတူလေ့လာကြည့်လိုက်ရအောင်။

အစွန်းအထင်းများကို ဖယ်ရှားပေးခြင်း

ကော်ဇောပေါ်မှာ ဒါမှမဟုတ် အဝတ်အထည်တွေပေါ်မှာ တစ်ခုခုစွန်းထင်းသွားတဲ့အခါ ဘီယာအနည်းငယ် လောင်းချပေးလိုက်ပါ။ ပြီးမှ ဆပ်ပြာမှုန့်ဖြင့် လျှော်ပေးလိုက်မယ်ဆိုရင် အစွန်းအထင်းများ ပျောက်ကွယ်သွားပါလိမ့်မယ်။

အသားများကို နူးအိစေခြင်း

Source: Bcaletrail.ca

ဘီယာမှာ အက်ဆစ်ဓာတ်အနည်းငယ် ပါဝင်ပါတယ်။ ဒါ့ကြောင့်ပဲ အသားတွေကို နူးအိစေဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် ဘီယာအသုံးပြုပြီး အသားနှပ်မယ်ဆိုရင် သူက ဝိုင်နဲ့ ရှာလကာရည်တို့လိုမျိုး ဟင်းရဲ့အရသာကို ပြောင်းလဲသွားစေမှာ မဟုတ်ပါဘူး။

ဘီယာနဲ့ အသားများကို နူးအိသွားအောင် ပြုလုပ်ချင်တယ်ဆိုရင်တော့ အရင်ဦးဆုံး အသားများကို အပေါက်လေး ဖောက်ထားလိုက်ပါ။ ထို့နောက် ပလပ်စတစ်အိတ်ထဲ (သို့) ပန်းကန်လုံးထဲထည့်ကာ ဘီယာအနည်းငယ်ထည့်ပြီး ရေခဲသေတ္တာထဲ နှပ်ထားပေးလိုက်ပါ။ နာရီအနည်းငယ်ကြာသည်အထိ (သို့) တစ်ညကြာတဲ့အထိ နှပ်ထားပေးလိုက်မယ်ဆိုရင်တော့ ဟင်းချက်တဲ့အခါ အသား နူးလွယ်ပါတယ်။

မိမိခြံဝင်းထဲတွင် သောင်းကျန်းနေသော ပက်ကျိများကို ဖယ်ရှားပေးခြင်း

ဒီနည်းလမ်းလေးကတော့ ပက်ကျိတွေကို ဖယ်ရှားမှာဖြစ်တဲ့အတွက် အကောင်းစားဘီယာတွေ အသုံးပြုမယ့်အစား ဈေးသက်သာတဲ့ ဘီယာပဲ အသုံးပြုဖို့ အကြံပေးပါရစေ။

အရင်ဦးဆုံး အဝကျယ်သော အိုးတစ်လုံးထဲသို့ ဘီယာ လေးပုံ သုံးပုံခန့် လောင်းထည့်လိုက်ပါ။ ထို့နောက် ပက်ကျိများ သောင်းကျန်းတတ်သော နေရာတွင် အိုးနှုတ်ခမ်းဝကို မြေကြီးနဲ့ တစ်ပြေးညီ တစ်ညခန့် မြှုပ်ထားလိုက်ပါ။ ပက်ကျိများက ဘီယာကြိုက်လို့ အိုးနှုတ်ခမ်းဝဆီ လာပြီး ဘီယာအိုးထဲ ပြုတ်ကျသွားပါလိမ့်မယ်။ မနက်ရောက်မှ ထိုပက်ကျိများကို အလွယ်တကူ ဖယ်ရှားလိုက်လို့ရပါပြီ။

ကြွက်ထောင်ချောက်အဖြစ် အသုံးပြုနိုင်ခြင်း

မီးဖိုချောင်ထဲမှာ ကြွက်တွေ သောင်းကျန်းတတ်တယ်ဆိုရင်တော့ ဇောက်နက်သော ပန်းကန်လုံးထဲသို့ ဘီယာများ ထည့်ထားလိုက်ပါ။ ကြွက်တွေက ဘီယာသောက်ပြီးသွားတဲ့အခါ ထိုပန်းကန်လုံးထဲက ပြန်ထွက်နိုင်တော့မှာ မဟုတ်ပါဘူး။

Source: Menshealth.com