အိုင်အိုဒင်းဆားကို ဘာကြောင့် စားသင့်သလဲဆိုတဲ့ ဗဟုသုတနဲ့ ပတ်သက်ပြီး ဆောင်းပါးရှင်းပေါက်ပေါက်ရဲ့ ဆောင်းပါးလေးကို ပြန်လည်မျှဝေပါတယ်။

ဆားကို ဓာတုဗေဒနည်း ဖြင့် ခွဲခြမ်းစိတ်ဖြာ ကြည့်မယ်ဆိုရင် ကလိုရိုက် အိုင်းယွန်းနဲ့ ဆိုဒီယမ် အိုင်းယွန်းတို့ ပေါင်းစပ် ထားတဲ့ ဆိုဒီယမ် ကလိုရိုက် သတ္တုဓာတ်ပေါင်း ဖြစ်ကြောင်း တွေ့နိုင်ပါတယ်။ ဆားကို ယေဘုယျ အားဖြင့် ဆားကြမ်း၊ စားပွဲတင် ဆားနဲ့ အိုင်အိုဒင်းဆား ဆိုပြီး သုံးမျိုးခွဲခြားထား ပါတယ်။

ပင်လယ်ရေက ရရှိပြီး သဘာဝအတိုင်း မပြုပြင်ရသေးတဲ့ ခပ်ကြမ်းကြမ်း ရှတတရှိတဲ့ ဆားခဲကြီးကို ဆားကြမ်းလို့ခေါ်ပါတယ်။ အဲဒီ ဆားကြမ်းခဲကြီး တွေကို အရောင်ချွတ်ဆေး သုံးပြီး ဖြူဖွေးသန့်စင် စေကာ နူးညံ့မှုန့်ညက် နေအောင် စက်နဲ့ကြိတ် ထားတာကိုတော့ စားပွဲတင်ဆားလို့ ခေါ်ပါတယ်။

ဆားငန်ရည် ဒါမှမဟုတ် ဆားကြမ်းကို အိုင်အိုဒင်းဓာတ် ဖြည့်စွက်ပြီး အဖြူရောင် ဆားပုံဆောင်ခဲ လေးတွေအဖြစ် ပြုပြင်ထားတာကို အိုင်အိုဒင်းဆား လို့ခေါ်ပါတယ်။ သူကတော့ စားပွဲတင်ဆား လောက် မနူးညံ့ပါဘူး။

တစ်နည်းအားဖြင့် ဆိုရရင် အိုင်အိုဒင်းဆား ဆိုတာ မိမိတို့ စားနေကျ အိမ်သုံးဆား အပုံတစ်သိန်း မှာ အိုင်အိုဒင်း အာဟာရ သုံးပုံခန့် (ပါသည် ဆိုရုံမျှ) ဖြည့်ထားတဲ့ ဆားဖြစ်ပါတယ်။

စားနေကျ အိမ်သုံးဆားနဲ့ အရောင်အဆင်း၊ အနံ့၊ အရသာ ကွဲပြားခြားနားမှု မရှိပါဘူး။ တချို့နိုင်ငံ တွေမှာတော့ အိုင်အိုဒင်းဆား ကို ပန်းရောင်၊ မီးခိုးရောင် ဖျော့ဖျော့ ပုံဆောင်ခဲ လေးတွေအဖြစ် တွေ့မြင် နိုင်ပါတယ်။

types-of-salt

အိုင်အိုဒင်းဆားကို ဘာ့ကြောင့်စားသုံးသင့်

အိုင်အိုဒင်းဓာတ် ဟာ သက်စောင့်ဓာတ် (သတ္တုဓာတ်) တစ်မျိုး ဖြစ်ပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အိုင်အိုဒင်း ၇၅ ရာခိုင်နှုန်းကို သိုင်းရွိုက်ဂလင်း မှာ သိုလှောင်ထားလေ့ ရှိတာကြောင့် အိုင်အိုဒင်းဟာ သိုင်းရွိုက်ဂလင်း ရဲ့ လုပ်ငန်းတွေနဲ့ သိုင်းရွိုက်ဆဲလ် ဖြစ်တည်မှု အတွက် အသုံးဝင်ပါတယ်။

ယနေ့ ကမ္ဘာပေါ်မှာ အိုင်အိုဒင်း ချို့တဲ့သူဦးရေ သန်း ၂ဝဝဝ ခန့်ရှိတယ်လို့ သြစတြေးလျ နိုင်ငံရှိ MNT Knowledge Centre ကဆိုပါတယ်။ နေ့စဉ် အိုင်အိုဒင်း လိုအပ်ချက် ပမာဏက အရွယ်ရောက်ပြီးသူ တစ်ဦးအတွက် ၁၅ဝ မိုက်ခရိုဂရမ် ဖြစ်ပြီး ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် တွေမှာ နေ့စဉ် ၂၂ဝ မှ ၂၉ဝ မိုက်ခရိုဂရမ် လိုအပ်ပါတယ်။

ကလေးငယ်တွေ ပုံမှန် ကြီးထွားရေး၊ ဉာဏ်ရည် ထက်မြက်ရေးနဲ့ လူကြီး၊ လူငယ်၊ လူရွယ်အားလုံး ကျန်းမာရေး အတွက် အိုင်အိုဒင်း အာဟာရကို လုံလောက်စွာ ရရှိစေဖို့ အိုင်အိုဒင်းဆားကို နေ့စဉ် စားသုံးကြဖို့ လိုအပ်ပါတယ်။

အိုင်အိုဒင်းဆား နေ့စဉ် စားသုံးရုံနဲ့ အိုင်အိုဒင်း အာဟာရ လွန်ကဲမှု မဖြစ်စေနိုင် ပါဘူး။ မြန်မာနိုင်ငံ တစ်ဝန်းလုံး ဘယ်ဒေသမှာ မဆို အစားအစာ တစ်မျိုးတည်းကနေ အိုင်အိုဒင်း အာဟာရ လုံလောက်စွာ ရရှိဖို့ မသေချာပါဘူး။

အိုင်အိုဒင်း ပါဝင်တဲ့ အစားအစာ တွေကတော့ ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အသား၊ ငါး၊ နို့၊ ဥ စတဲ့အစားအစာ တွေထဲမှာ အိုင်အိုဒင်း အနည်းငယ်စီ ပါဝင်ပါတယ်။ ပင်လယ်ငါး၊ ပုစွန်၊ ကျောက်ပွင့်စတဲ့ ပင်လယ်ကနေ ထွက်ရှိတဲ့ အစားအစာတွေ ထဲမှာ အိုင်အိုဒင်း အာဟာရ ပိုမိုကြွယ်ဝစွာ ပါဝင်ပါတယ်။

iodized-salt

အိုင်အိုဒင်း ချို့တဲ့ခြင်းကြောင့် ဖြစ်နိုင်သောရောဂါများ

အိုင်အိုဒင်း ချို့တဲ့မှုကြောင့် ဦးနှောက် ပျက်စီးမှုနဲ့ နှေးကွေးမှုကို ကမ္ဘာတစ်ဝန်း ရင်ဆိုင်နေရ ပါတယ်။

ကိုယ်ဝန်ဆောင် မိခင်တွေမှာ အိုင်အိုဒင်း ချို့တဲ့ရင် ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေး အသေမွေးခြင်း၊ လမစေ့ဘဲ ကလေးမွေးခြင်း၊ ပေါင်မပြည့်တဲ့ ကလေးမွေးခြင်း၊ မသန်စွမ်းတဲ့ ကလေးမွေးခြင်း၊ စိတ်ပိုင်း ဆိုင်ရာ ချို့ယွင်းပြီး ဉာဏ်ရည် မမီသော ကလေးမွေးခြင်း၊ အရပ်ပုပြီး သက်ကြီးပုံစံ ကလေးများ မွေးခြင်းတို့ ဖြစ်တတ်ပါတယ်။

ကလေးငယ်တွေမှာ အိုင်အိုဒင်း ချို့တဲ့ရင် ကြီးထွားမှု ပုံမှန်မရှိဘဲ အရပ်ပုနေခြင်း၊ ဉာဏ်ထိုင်းခြင်း၊ သွက်လက် ဖျတ်လတ်မှု မရှိ ထုံထိုင်းနှေးကွေးခြင်း၊ မွေးရာပါရောဂါ များအပြင် လည်ပင်းကြီး ရောဂါလည်း ဖြစ်နိုင်ပါတယ်။

လူကြီးတွေမှာ အိုင်အိုဒင်း ချို့တဲ့ရင်တော့ သွေးထဲမှာ အိုင်အိုဒင်း လျော့နည်းပြီး လည်ပင်းကြီး ရောဂါ ဖြစ်စေပါတယ်။

(ကမ္ဘာတစ်ဝန်း လူဦးရေ သန်း ၂ဝဝ မှ ၃ဝဝ ကြား လည်ပင်းကြီး ရောဂါကို ခံစားနေ ရပါတယ်) ဒူးခေါင်းအရိုး အဆစ်ကြီးခြင်း၊ သွက်လက် ဖျတ်လတ်မှု မရှိ ထုံထိုင်း နှေးကွေးခြင်း နဲ့ သက်လုံ မကောင်းဘဲ ပင်ပန်း နွမ်းနယ်ခြင်းတို့ ဖြစ်စေနိုင် ပါတယ်။

maxresdefault

အငန်ဓာတ်ကို ဆင်ဆင်ခြင်ခြင် မှီဝဲသင့်

ကျန်းမာရေးနှင့် အားကစား ရှုထောင့်က ကြည့်မယ်ဆိုရင် တော့ ဆားဟာ အပူဓာတ် အနေနဲ့ လူတွေကို ကောင်းကျိုး ပြုနိုင်လို့ လူတစ်ဦးအတွက် တစ်နေ့တာ လိုအပ်တဲ့ဆား (ဆိုဒီယမ် ကလိုရိုက်) ပမာဏဟာ အသက်အရွယ် အလိုက် ၁၅ဝဝ မီလီဂရမ် ကနေ ၂၃ဝဝ မီလီဂရမ်မျှ လိုအပ်ပါတယ်။

သို့သော် လိုအပ်တဲ့ ပမာဏထက် ပိုပြီး အငန်ဓာတ်ကို မစားသုံးမိဖို့ သတိပြုသင့် ပါတယ်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အောက်မှာရှိတဲ့ အမျိုးသား အာဟာရ ဖွံ့ဖြိုးရေးနှင့် သုတေသန ဌာနနဲ့ ကုလသမဂ္ဂ ဆိုင်ရာကလေးများ အထောက်အပံ့ အဖွဲ့တို့က အိုင်အိုဒင်းဆား တစ်မျိုးတည်း ကိုသာ စားသုံးကြဖို့ တိုက်တွန်းထားပါတယ်။

အငန်ဓာတ် ကဲတဲ့ အစားအစာများ အပြင် ငန်တဲ့ ဟင်းလျာ စားသုံးမှု လျှော့ချကြဖို့၊ ထမင်းစားပွဲ ပေါ်မှာ ဆားပုလင်း ထားပြီး ဆားအပို ထည့်စားေ သာက်တတ်တဲ့ အကျင့်မျိုး မလုပ်ကြဖို့ တိုက်တွန်း နှိုးဆော် ထားပါတယ်။

Credit: Myawaddynews