ကလေးတွေက နောင်တစ်ချိန်မှာလူကြီးဖြစ်လာမှာကြောင့် ငယ်စဉ်ဘဝကတည်းက အလေ့အကျင့်ကောင်းလေးတွေကို ကျင့်ပေးထားသင့်ပါတယ်။

အထူးသဖြင့် ကျန်းမာစွာနေထိုင်စားသောက်ပုံနည်းစနစ်ကောင်းလေးတွေကို လေ့ကျင့်ပေးထားရင် ကျန်းမာအောင်မြင်တဲ့ဘဝကို ဘဝတစ်လျှောက်လုံး ရရှိမှာပါ။

ကလေးတွေနဲ့အတူ ဟင်းချက်ပါ

သင့်ကလေးကို ကိုယ်တိုင်ချက်ပြုတ်တဲ့ဟင်းလျာတွေကို နှစ်သက်အောင် လေ့ကျင့်ပေးပါ။ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဟင်းလျာတွေကို ကိုယ်တိုင် ရွေးချယ်စေပါ။

ဈေးအတူတူဝယ်ပါ

ရာသီပေါ်သီးနှံတွေအကြောင်း၊ အသား၊ငါးတွေရဲ့ လတ်ဆတ်မှုတွေကို သင်ကြားပေးပါ။ များပြားလှစွာသော ဟင်းသီးဟင်းရွက်၊ အသား၊ငါးတွေထဲမှ အိမ်မှာ ဘယ်လို ပုံစံမျိုးချက်ဖို့ ဘာတွေလိုအပ်လဲဆိုတာ သူတု့ိနဲ့ တိုင်ပင်ဆွေးနွေးပါ။

ဒါမှ သူတို့ကြီးလာတဲ့အခါ အလုပ်တွေရှုပ်နေချိန်မှာတောင် အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ကျွမ်းကျင်စွာအလွယ်တကူ ချက်ပြုတ်စားသောက်ရင်း ကျန်းမာတဲ့ဘဝကို ရရှိမှာပါ။

အချိုပွဲကို အတူတကွပြင်ပါ

ကလေးတွေက အချိုပွဲဆိုရင် အသင့်စားအစားအစာတွေလို့ ထင်တတ်ကြပါတယ်။ အသင့်စား အစားအစာတွေရဲ့ ဆိုးကျိုးတွေကို ပြောပြပြီး အသီးအနှံတွေနဲ့ အိမ်လုပ်မုန့်တွေကို အတူလုပ်ပြီး ကလေးတွေနဲ့အတူ ပြင်ဆင်ပါ။

အပြုသဘောဆောင်ပါ

အများအားဖြင့် ကလေးတွေက ဟင်းသီးဟင်းရွက်တွေ ကျွေးရခက်ပါတယ်။ ဒါပေမယ့် ဟင်းသီးဟင်းရွက်စားတဲ့အကျင့်ကို ငယ်စဉ်က လုပ်ထားပေးနိုင်ရင် ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြမှာပါ။

ဒါကြောင့် သူတို့ကို အတင်းဖိအားပေးတိုက်တွန်းတာထက်စာရင် ဟင်းသီးဟင်းရွက်တွေမှာပါဝင်တဲ့ အာဟာရဓာတ်တွေ အကျိုးကျေးဇူးတွေ ရှင်းပြရင်း မစားဖူးတဲ့ အစားအစာအသစ်ကို စားချင်တဲ့စိတ်ဖြစ်လာအောင် ပြောပြပေးပါ။

စံပြ ပုဂ္ဂိုလ်ဖြစ်အောင်နေပါ

ကလေးတွေက လူကြီးတွေကို အတုခိုးလေ့ရှိပါတယ်။ ဒါကြောင့်ကိုယ်တိုင်က ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဟင်းလျာတွေကို စားပေးရင် သူတို့လည်း အလွယ်တကူ လိုက်စားလာမှာဖြစ်ပါတယ်။

အတူတကွ ညစာစားပါ

နေ့လည်စာကတော့ ရုံးတွေ၊ ကျောင်းတွေမှာ စားရတာကြောင့် ဖြစ်နိုင်ရင်တာ့ ညစာကို အတူစားပေးပါ။ ညစာစားရင်းနဲ့ပျော်ပျော်ရွှင်ရွှင် စကားတွေ ဖောင်ဖွဲ့ပြီးပြောနိုင်တာကြောင့် မိသားစုထဲမှာ ချစ်ခင်ရင်းနှီးမှုတိုးစေပါတယ်။