ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများ စားသုံးခြင်းက ကျန်းမာရေးအတွက် များစွာအကျိုးကျေးဇူးရရှိစေပါတယ်။ ထိုမြောက်မြားစွာသော အကျိုးကျေးဇူးများထဲမှ သွားများကို ခိုင်မာစေပြီး ကျန်းမာတဲ့သွားဖုံးကိုလည်း ပိုင်ဆိုင်စေတာလည်း တစ်ခုအပါအဝင်ပါပဲ။

စာဖတ်သူတို့အနေနဲ့ သွားနှင့်ခံတွင်း ကျန်းမာစေဖို့အတွက် ဘယ်လိုဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများကို စားသုံးသင့်လဲဆိုတာ ဝေမျှပေးလိုက်ပါတယ်။

ပန်းသီး

ဝါးစားတဲ့အခါ တကြွပ်ကြွပ်မြည်တဲ့ပန်းသီးက သွားတိုက်တံနဲ့ အလားသဏ္ဍာန်တူပါတယ်။ ပန်းသီး ကိုက်စားလိုက်ခြင်းအားဖြင့် အသီးနဲ့ သွားရဲ့ပွတ်တိုက်မှုကြောင့် သွားပေါ်မှာကပ်နေတဲ့ သွားချေးများကို ဖယ်ရှားပေးလို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ပန်းသီး ဝါးစားချိန်မှာ တံတွေးထွက်နှုန်းကို တိုးမြှင့်ပေးတဲ့အတွက်ကြောင့် သွားဖုံးများ ကျန်းမာနေအောင် ကူညီပေးပါလိမ့်မယ်။

ဒါပေမဲ့ ပန်းသီးဖျော်ရည်ကတော့ သကြားဓာတ် ပါဝင်မှုများတဲ့အတွက်ကြောင့် သွားပိုးစားခြင်းကို လှုံ့ဆော်ပေးတဲ့အပြင် အသားအရေလှပအောင် ကူညီပေးတဲ့ အမျှင်ဓာတ်များလည်း ပျောက်ဆုံးသွားတဲ့အတွက်ကြောင့် ပန်းသီးဖျော်ရည်သောက်မယ့်အစား လတ်ဆတ်တဲ့ ပန်းသီးကိုသာ စားသုံးသင့်ပါတယ်။

ဗီတာမင်စီ ကြွယ်ဝသော သစ်သီးများ

သစ်တော်သီး၊ နာနတ်သီး၊ ခရမ်းချဉ်သီး၊ သခွားသီး၊ Grapefruit သီးနဲ့ လိမ္မော်သီးစတဲ့ သစ်သီးများက သွားဖုံးနဲ့ အခြားတစ်သျှူးဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး ဘက်တီးရီးယားပိုးမဝင်အောင်လည်း တားဆီးပေးပါတယ်။

ဒါပေမဲ့ တစ်ခုသတိထားရမှာက အချဉ်ဓာတ် မြင့်မားစွာပါဝင်တဲ့ သံပုရာသီး၊ ရှောက်သီး၊ လိမ္မော်သီးတို့ကတော့ အက်ဆစ်ဓာတ် ပါဝင်မှုနှုန်းများတဲ့တွက်ကြောင့် စားသုံးပြီးပါက အက်ဆစ်ဓာတ်များ သွားကြားထဲမှာ ကပ်ကျန်မနေအောင် ပလုတ်ကျင်းပေးဖို့ လိုပါတယ်။

မုန်လာဥနီ၊ တရုတ်နံနံနှင့် အခြားအမျှင်ဓာတ်ကြွယ်ဝသော ဟင်းသီးဟင်းရွက်များ

သွားများ ကျန်းမာနေဖို့အတွက် မရှိမဖြစ်လိုအပ်တာကတော့ ဗီတာမင်အေပဲဖြစ်ပါတယ်။ တစ်ဖန် ဗီတာမင်အေကို ဖန်တီးနိုင်ဖို့အတွက် Beta Carotene ဓာတ်လည်း လိုအပ်ပါသေးတယ်။ မုန်လာဥနီနဲ့ တရုတ်နံနံတို့မှာ Beta Carotene ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး သင် စားသုံးလိုက်တဲ့အခါမှာတော့ ထိုဓာတ်က ဗီတာမင်အေ အဖြစ် ပြောင်းလဲသွားပြီး သွားများ ကျန်းမာလှပနေမှာအမှန်ပါပဲ။

ဘယ်ရီသီးများ

ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီသီးများမှ Anthocyanins ဓာတ်များ မြင့်မားစွာပါဝင်ပြီး သွားပိုးစားခြင်းကို ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားများကို ဖယ်ရှားပေးပါတယ်။

ဒါပေမဲ့ ဘယ်ရီသီးများက အရောင်အသွေးစုံလင်လှတာကြောင့် စားသုံးပြီးပါက သွားမှာ အရောင်စွန်းထင်းမသွားအောင် ပလုတ်ကျင်းပေးဖို့တော့ လိုမယ်နော်။

ဒီအချက်လေးတွေကတော့ “ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်” ဆိုတဲ့စကားလေးအတိုင်း သွားပိုးပေါက်တွေ မဖြစ်အောင် သွားနှင့် သွားဖုံးများ ကျန်းမာလှပနေအောင် အထက်ဖော်ပြပါအစားအစာများနဲ့ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဝေမျှပေးလိုက်ခြင်းပဲဖြစ်ပါတယ်။

သွားနှင့် သွားဖုံးရောဂါ မရှိဘူးဆိုရင်တောင်မှ သွားဆရာဝန်များထံ တစ်နှစ်ကို အနည်းဆုံး တစ်ကြိမ်၊ နှစ်ကြိမ်ခန့် ပုံမှန်ကုသမှုခံယူသင့်ကြောင့် အကြံပြုရင်း ဒီဆောင်းပါးလေးကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

Source: Drania.com